ဘုတလင်၊ ၄ ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကုလားပဲမျိုးနှင့် ဂျုံမျိုး ယှဉ်ပြိုင် စမ်းသပ်ကွက်များ ကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီက ညောင်ကန်ကျေးရွာ၊ ကွင်းအမှတ်(၂၂၂)၊ ဦးပိုင်အမှတ်(၃၇)ရှိ တောင်သူ ဒေါ်ချိုချိုလွင်၏ စိုက်ခင်းတွင် ပြုလုပ်သည်။

ကွင်းသရုပ်ပြပွဲတွင် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးကိုယ်စား ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးကိုလေးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာက ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်တောင်သူလယ်သမားအစုအဖွဲ့ဝင် တောင်သူ ဒေါ်ချိုချိုလွင်က ကုလားပဲလေး မျိုးနှင့် ဂျုံခြောက်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးထားမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

“ဂျုံခြောက်မျိုးကို KOPIA Project က တစ်ဧကကို တစ်တင်းခွဲနဲ့ မြေဩဇာတစ်အိတ် ထောက်ပံ့ပေးပါတယ်။ ကုလားပဲလေးမျိုးကိုတော့ စိုက်ပျိုးရေးနှင့် သုတေသနဦးစီးဌာနက ထောက်ပံ့ပေးပါတယ်။ တခြားမြို့နယ်မှာ ဖြစ်ထွန်းအောင်မြင်ပေမယ့် ကိုယ့်မြို့နယ်မှာ မအောင်မြင်နိုင်တဲ့မျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ်မြို့နယ်ရဲ့ ရေ၊ မြေ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးတွေကို ရရှိဖို့အတွက် ယှဉ်ပြိုင်စမ်းသပ်ကွက်တွေကို စိုက်ပျိုးတာပါ”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ချိုချိုမာက ပြောပြသည်။

အဆိုပါ ကုလားပဲမျိုးနှင့်ဂျုံမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များကို မြို့နယ်တောင်သူလယ်သမား အစုအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ဂျုံခြောက်မျိုးအနက်မှ အကြိုက်ဆုံးဂျုံမျိုးကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)