ဘုတလင်၊    ၁၆            ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ မိုးရာသီကာလတွင် မိုးရွာသွန်းမှု နည်းခဲ့သည့်အတွက် ဆောင်းရာသီပေါ် ထန်းပင်မြစ်များ အထွက်နှုန်း နည်းနေကြောင်း အုတ်ဖိုကျေးရွာမှ ထန်းပင်မြစ် စိုက်ပျိုး ရောင်းချသူများထံမှ သိရသည်။

“ထန်းပင်ကို ကိုယ်တိုင် မတက်တတ်တော့ ထန်းသီးချိုင်ဖို့ ထန်းသမား ခေါ်ရတဲ့ ကုန်ကျစရိတ်နဲ့ ထန်းပင်မြစ် ပျိုးမယ့် မြေက မာနေရင်လည်း ထွန်ပေးရတော့ ထွန်စရိတ်တွေ ကုန်ကျပါတယ်။ ဒီနှစ်မှာ မိုးက နည်းတော့ ထန်းပင်မြစ် အညှောင့်တွေက သေးတာက များပြီး အရင့်နည်းပါတယ်။ ထန်းပင်မြစ် အထွက်နှုန်းက နည်းတော့ တချို့ဆိုရင် ထန်းချိုင်ခ၊ ထန်းသမားခကို မရကြဘူး”ဟု အုတ်ဖိုကျေးရွာမှ ထန်းပင် မြစ် စိုက်ပျိုးရောင်းချသူ ကိုအမ်ကျော်က ပြောသည်။

ဘုတလင်မြို့နယ်တွင် ထန်းပင်မြစ် ၂၅ ချောင်းပါ တစ်စည်းကို ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းချရပေမယ့် ကိုဗစ်ကာလအတွင်း သယ်ယူပို့ဆောင်ရေး ခက်ခဲသည့်အတွက် ဘုတလင်မြို့၊ မြို့မဈေး နှင့် မုံရွာ-ရေဦးကားလမ်းဘေးတို့တွင်သာ ရောင်းချနေရပြီး ယခင်နှစ်များတွင် ထန်းပင်မြစ်ကို ချင်းတွင်း အထက်ပိုင်းဒေသ၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့အထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)