ဘုတလင်၊  ၁၉  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဆောင်းကြက်သွန်များကို နိုဝင်ဘာလတွင် စတင်ပျိုးထောင်ပြီး ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးကြကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

 

ဘုတလင်မြို့နယ်တွင် အင်းတော၊ ရေဘုတလင်နှင့် မြသိန်းတန်မြစ်ရေတင်လုပ်ငန်းများမှ မြစ်ရေရရှိသော ကျေးရွာများနှင့် မြေအောက်ရေရရှိသော ကျေးရွာများတွင် ကြက်သွန်စိုက်ပျိုးကြပြီး အချို့ကျေးရွာများတွင် တစ်ပေါက်တွင်းများ တူးဖော်ကာ ရေသွင်းစိုက်ပျိုးကြသည်။

 

ကြက်သွန်ကို စတင်ပျိုးထောင်ပြီး ၄၅ ရက်ကြာလျှင် စိုက်ပျိုးရပြီး အပင်၏ကြီးထွားမှုနှင့် ရောဂါကျရောက်မှုအပေါ် မူတည်၍ ရေကို ၅ ကြိမ်ခန့်သွင်းပေးရကာ မြေဩဇာကိုလည်း ထည့်ကျွေးရကြောင်း သိရသည်။

 

“ဒီနှစ် ဆောင်းကြက်သွန်ကို ၁၇ ဧကခွဲ စိုက်ပျိုးထားပါတယ်။ ကြက်သွန်ကို ဇွန်းစိုက်၊ တုတ်ခြစ်စိုက်နဲ့ စူးစိုက်ဆိုပြီး နည်း ၃ နည်းနဲ့ စိုက်ကြပါတယ်။ ရေကိုတော့ ၅ ကြိမ်လောက် သွင်းပေးရပြီး နောက်ဆုံးအကြိမ်ရေကိုတော့ ကြက်သွန်ဥအနေအထား၊ အပင်အနေအထားကိုကြည့်ပြီး ပါးပါးပဲ သွင်းပေးရပါတယ်။ ကြက်သွန်တစ်ဧကကို ပိဿာ ၅၀၀၀ ကနေ ၇၀၀၀ ကျော်အထိ ထွက်ရှိပါတယ်။ ကြက်သွန်စိုက်ပျိုးမှု ကုန်ကျစရိတ်အနေနဲ့ တစ်ဧကကို ၁၇ သိန်းကနေ သိန်း ၂၀ လောက်အထိ ကုန်ကျပါတယ်”ဟု ညောင်ကန်ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ဦးဝင်းတင့်က ပြောသည်။

 

ကြက်သွန်ကို စတင်စိုက်ပျိုးပြီး သုံးလခွဲ၊ လေးလကြာလျှင် ကြက်သွန်နှုတ်ရပြီး ဘုတလင်မြို့နယ်တွင် ယခင်နှစ်က ဆောင်းကြက်သွန်ကို ဧက ၃၀၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

 

ဖိုးခါး(ပြန်/ဆက်)

 

mdn