ဘုတလင် ၁၈ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဆောင်းနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိရာ ယခင်နှစ် အထွက်နှုန်းထက် ထက်ဝက်ခန့် လျှော့နည်းနိုင်ကြောင်း ညောင်ပင်ကန်ကျေးရွာမှ တောင်သူ ဦးဝင်းချိုက ပြောသည်။

 

ဆောင်းနှမ်းတစ်ဧကလျှင် ပုံမှန်အထွက်နှုန်း ၁၀ တင်းကျော် ထွက်ရှိသော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းသည့်အတွက် တစ်ဧကလျှင် ၅ တင်း ခန့်သာ ထွက်ရှိနိုင်ပြီး ဈေးနှုန်းအနေဖြင့် ယခင်နှစ်ဈေး ဖြစ်သည့် နှမ်းတစ်တင်းကို လေးသောင်းကျော် ပေါက်ဈေး ရှိကြောင်း သိရသည်။

 

“ဒီနှစ် ဆောင်းနှမ်းကို ရေငုတ်အဖြူမျိုးကို စိုက်ခဲ့တာ။ မျိုးဖိုးက တစ်ပြည်ကို ငါးထောင်နဲ့ ရိတ်သိမ်းတဲ့ အလုပ်သမားခက အမျိုးသမီးတစ်ယောက် လေးထောင်နှုန်း၊ အမျိုးသားတစ်ယောက် ငါးထောင်နှုန်း ပေးရတယ်။ အပြီးအစီးဆိုရင် အလုပ်သမား ၂၅ ယောက်လောက် ခေါ်ရတော့ အလုပ်သမားခက တစ်သိန်းခွဲ လောက် ရှိမယ်။ ဒီနှစ်အထွက်နှုန်းက နည်းတော့ ကိုယ့်အတွက်က လုပ်အားခလောက်ပဲ ကျန်မယ်” လို့ တောင်သူ ဦးဝင်းချိုက ပြောသည်။

 

ဘုတလင်မြို့နယ်တွင် ဆောင်းနှမ်းကို ရေငုတ်အဖြူမျိုးနှင့် ဆင်းရတနာ(၃) အနက်မျိုးကို အများဆုံး စိုက်ပျိုးကြပြီး ကျေးရွာအုပ်စု ၅၇ အုပ်စုတွင် ဆောင်းနှမ်း ၂၃၀၉ ဧကအထိ စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)

 

mdn