ဘုတလင်၊ ၁၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် JICA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ချောလမ်း ခင်းခြင်းနှင့် ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နှင့် မြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က ခွင့်ပြုငွေကျပ် ၈၆၄ ဒသမ ၄၈ သန်းဖြင့် လမ်းအရှည် ၉ မိုင်၊ ၃ ဖာလုံ၊ အကျယ် ၁၆ ပေရှိ လက်ပံ-ဝန့်တုံ-မောင်းထောင် လမ်းအား ကျောက်ချောလမ်းခင်းနေမှုနှင့် ဘုတလင်-မောင်းထောင်လမ်းပေါ်တွင် ၇၂ ပေအရှည်ရှိ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ လက်ပံ-ဝန့်တုံ-မောင်းထောင်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် သီဟမင်းဆွေကုမ္ပဏီ၊ စိုးမြင့်မိုရ်ကုမ္ပဏီ၊ စိုးမိုးသူကုမ္ပဏီများနှင့် ဘုတလင်-မောင်းထောင်လမ်းပေါ်ရှိ ကွန်ကရစ် ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းကို Best Synergy ကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


