ဘုတလင် ၁၈ မေ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းများ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်ထံမှ သိရသည်။

 

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၆၁ ဒသမ ၆)သန်းဖြင့် ဘုတလင်-ကံသာ-ကုန်းသာ ကျောက်‌ချောလမ်း (၁)မိုင်၊ (၁၃၁ ဒသမ ၆)သန်းဖြင့် တွင်းတော်-ရွှေစာရေး ကျောက်ချောလမ်း (၂)မိုင်၊ (၁)ဖာလုံ၊ (၂၅ ဒသမ ၉)သန်းဖြင့် ထန်းတော-ရုံးသာ ဂျင်းလမ်း (၂)မိုင်၊ (၄)ဖာလုံ၊ (၂၁ ဒသမ ၉) သန်းဖြင့် ယုန်လှေးကုန်း-သမ္မတော ဂျင်းလမ်း(၁)မိုင်၊ (၂)ဖာလုံနှင့် (၈ ဒသမ ၁)သန်းဖြင့် သားဖန်း-ကုက္ကိုလ်ကျင်း ဂျင်းလမ်း (၄)ဖာလုံ ခင်းခြင်းလုပ်ငန်းများကို Tech United Power ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါကျေးလက်လမ်းခင်းခြင်းလုပ်ငန်းများ (၅၀)ရာခိုင်နှုန်း ပြီးစီးမှုနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေတို့ကို မေလ(၁၇)ရက်က မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)