ဘုတလင်       ၂၀        ဧပြီ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးနှင့် မျှော်စင်ဈေးမှ သား၊ ငါးနှင့် ကုန်စိမ်းဈေးသည်များအား ဘောလုံးကွင်းအတွင်း ပြောင်းရွှေ့ပြီး ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက စတင်၍ ယာယီဈေး ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။

ဘောလုံးကွင်းအတွင်းရှိ ယာယီဈေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ဈေးသည်တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာအဝေး ရှိသည့် ဆိုင်ခန်း ၂၅၃ ခန်းအား စနစ်တကျ နေရာသတ်မှတ်ပေးထားပြီး ယာယီဈေးအဝင်တွင် လက်ဆေးကန်၊ ရေတိုင်ကီ၊ အမှိုက်ကန်၊ ရေအိမ်သာနှင့် လျှပ်စစ်မီးများကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။

“မြို့မဈေးနဲ့ မျှော်စင်ဈေးမှာ သား၊ ငါးနဲ့ ကုန်စိမ်းဈေးသည် နှစ်ရာလောက် ရှိပါတယ်။ အဲဒီဈေးတွေ မှာလည်း (၃)ပေအကွာက ဝယ်ယူရန် နေရာသတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် ဈေးဝယ်သူတွေ များလာလို့ တစ်ဦးနဲ့ တစ်ဦး ထိတွေ့မိရင် ရောဂါကူးစက်မှု ဖြစ်စေနိုင်တဲ့အတွက် ဘောလုံးကွင်းထဲမှာ ယာယီဈေး ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချခဲ့တာပါ”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

အလားတူ ဘုတလင်မြို့နယ်၊ မောင်းထောင်စံပြကျေးရွာရှိ ပျံကျဈေးကိုလည်း ညွှန်ကြားချက်နှင့် အညီ ကျေးရွာအပြင်တွင် ယာယီဈေး ပြောင်းရွှေ့ဖွင့်လှစ်ထားပြီး အဆိုပါယာယီဈေးများ ပြောင်းရွှေ့ရောင်းချ နေမှုအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်၊ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးနှင့် ကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)