ဘုတလင် ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်တောင်သူလယ်သမားအစုအဖွဲ့အား လေလုံမျိုးစေ့သိုလှောင်အိတ်များ နှင့် တာပေါ်လင်စများ ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၉ နာရီက ညောင်ကန်ကျေးရွာ၊ စိုက်ပျိုးရေးနည်းပညာစင်တာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းက အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးကိုယ်စား နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနစိတ် တာဝန်ခံ ဒေါက်တာတင်မာမာဦးက လေလုံမျိုးစေ့သိုလှောင်အိတ်များနှင့် တာပေါ်လင်စများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ် တောင်သူလယ်သမား အစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် တောင်သူ အစုအဖွဲ့က ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးအောင်နှင့် တာဝန်ရှိသူများက တစ်တန်ဝင်ဆံ့ လေလုံမျိုးစေ့သိုလှောင်အိတ် နှစ်အိတ်၊ ၃၀ ကီလိုဝင်ဆံ့ လေလုံမျိုးစေ့သိုလှောင်အိတ် ၁၀ အိတ်နှင့် တာပေါ်လင်စ ငါးစကို ထောက်ပံ့ပေးအပ်ပြီး မြို့နယ် တောင်သူလယ်သမားအစုအဖွဲ့နာယက ဦးမျိုးကြွယ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ လေလုံမျိုးစေ့သိုလှောင်အိတ်ဖြင့် သိုလှောင်ပါက မျိုးစေ့များ၏ အရည်အသွေးကို ထိန်းသိမ်း ထားနိုင်ပြီး အပင်ပေါက်နှုန်းကို ကောင်းမွန်စေပါကြောင်း၊ တာပေါ်လင်စများကို သီးနှံများ ရိတ်သိမ်းရာ တွင် တလင်းအစားထိုး အသုံးပြုနိုင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနစိတ် တာဝန်ခံ ဒေါက်တာတင်မာမာဦးထံမှ သိရသည်။
ဖိုးခါး(ပြန်/ဆက်)


