ဘုတလင် ၁၅ ဧပြီ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားသောက် ကုန်ပစ္စည်းများကို ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိရာ အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ထံသို့ ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် ဧပြီလ(၁၂)ရက်က ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စုရှိ အိမ်ထောင်စု (၄၉၅၁)စု၊ ဧပြီလ(၁၃)ရက်က ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ အိမ်ထောင်စု(၂၃၆၅)စုနှင့် ဧပြီလ (၁၄)ရက်က ကျေးရွာအုပ်စု(၁၀)အုပ်စုရှိ အိမ်ထောင်စု(၂၇၉၀)စုတို့မှ အိမ်ထောင်စုဝင်များထံသို့ အခြေခံ စားသောက်ကုန် ပစ္စည်း(၅)မျိုး ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်/ကျေးစာရေးများက သွားရောက် ထောက်ပံ့ပေးခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ဧပြီလ(၁၄)ရက်အထိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၂)အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၀၁၀၃)စုထံသို့ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စု(၁၂)အုပ်စုသို့လည်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)
