ဘုတလင် ၊ ၁၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် ရေလိုအပ်မှုနည်းပြီး မိုးနည်းဒေသများတွင် စိုက်ပျိုးသင့်သည့် နှံစားပြောင်းကို ညောင်ကန်ကျေးရွာ၊ ကွင်းအမှတ်(၂၂၂)၊ ဦးပိုင်အမှတ်(၅၉)ရှိ တောင်သူ ဒေါ်ချိုချိုလွင်၏ စိုက်ခင်း၌ စတင်စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။
“မနှစ်က ဒီအကွက်မှာပဲ နှမ်းစိုက်ခဲ့ပါတယ်။ ရေမသေချာတော့ နှမ်းမျိုးကို မရလိုက်ဘူး။ နှံစားပြောင်းက အပူဒဏ်ခံနိုင်ပြီး ရေနည်းနည်းပဲလိုတဲ့ သီးနှံဖြစ်ပါတယ်။ တစ်ဧကကို တင်း ၅၀/၆၀ ကျော် ထွက်ရှိတယ်လို့ လည်းသိရပါတယ်။ တစ်တင်းကို ကျပ် ၁၃၀ဝ၀၊ ၁၄၀ဝ၀ လောက်အထိ ဈေးရှိတော့ တောင်သူတွေအနေနဲ့ မရှုံးနိုင်ပါဘူး။ ဒါ့အပြင် နှံစားပြောင်းကို စိုက်တဲ့အတွက် နွားစာအခက်အခဲရှိတဲ့ တောင်သူတွေအတွက် နွားစာကိုလည်း ရရှိနိုင်လို့ စတင်စမ်းသပ်စိုက်ပျိုးခဲ့တာပါ” ဟု ညောင်ကန်ကျေးရွာမှ တောင်သူ ဒေါ်ချိုချိုလွင်က ပြောသည်။
နှံစားပြောင်းကို Single Row နှင့် Double Row စိုက်နည်းစနစ် နှစ်မျိုးဖြင့် စိုက်ပျိုးကြပြီး အပင်သက်တမ်း ၁၀၅ ရက်ရှိကာ တစ်ဧကလျှင် အပင် ၉ သောင်းကျော်မှ တစ်သိန်းကျော်အထိ စိုက်ပျိုးနိုင်သည့် အပူဒဏ် ခံနိုင်သော သီးနှံအမျိုးအစားဖြစ်ကြောင်း သိရသည်။
ဘုတလင်မြို့နယ်သည် မိုးနည်းသည့်အတွက် ရေလိုအပ်မှုနည်းသည့် နှံစားပြောင်းကို မြို့နယ် တောင်သူလယ်သမားအစုအဖွဲ့က ပထမဆုံး စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ပါက တစ်မြို့နယ်လုံးတွင် နှံစားပြောင်းကို ဧက ၅၀ဝ ကျော်မှ ၁၀ဝ၀ ကျော်အထိ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်တောင်သူလယ်သမားအစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၏ ပြောပြချက်အရ သိရသည်။
ဖိုးခါး (ပြန်/ဆက်)


