ဘုတလင်မြို့နယ်တွင် တရားမဝင်သယ်ဆောင်မည့် သစ်များ ဖမ်းဆီးရမိ

ဘုတလင်   ၂၀   ဖေဖော်ဝါရီ


စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်က ချင်းတွင်းမြစ်အတွင်းရှိ ရေယာဉ်(၅)စီးပေါ်မှ  တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


ဖြစ်စဉ်မှာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်း၊ တောအုပ် ဦးပြည့်ဖြိုးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်သိ ပြည်သူ ၂ ဦးတို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၁၉ ရက်၊ ညနေပိုင်းက ကနီမြို့နယ်ဘက်မှ မုံရွာမြို့နယ်ဘက်သို့ စုန်ဆင်းရန် ဆိုက်ကပ်ထားသော ကျောက်မီးသွေးများ တင်ဆောင်ထား သည့် သံခွံရေယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ ကျောက်မီးသွေးများ ဖုံးထားသော တရားမဝင် သစ်များအား ဖမ်းဆီးရမိခဲ့ပြီး အခြားသစ်သားခွံ ရေယာဉ် ၃ စီးနှင့် သံခွံရေယာဉ် ၁ စီးတို့အား ဆက်လက်ရှာဖွေ စစ်ဆေးရာ တရားမဝင်သစ်များ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

123


ထို့အပြင် သံခွံရေယာဉ် ၂ စီးနှင့် သစ်သားခွံ ရေယာဉ် ၂ စီးတို့အား ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာဆိပ်ကမ်းတွင် လည်းကောင်း၊ ရေတစ်ဝက် နစ်မြုပ်နေသည့် သစ်သားခွံ ရေယာဉ် ၁ စီးအား ညောင်သူများကျေးရွာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို တွေ့ရှိရပြီး အဆိုပါရေယာဉ်များပေါ်မှ တရားမဝင် သစ်များအား ကမ်းပေါ်သို့ သယ်ချနိုင်ရေး၊ ရေတစ်ဝက်နစ်မြုပ်နေသည့် ရေယာဉ်အားပြန်ဖော်နိုင်ရေးနှင့် သစ်များအားတန်ချိန် ချိန်တွယ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


အဆိုပါ သံခွန်ရေယာဉ်ဖြင့် ကျောက်မီးသွေးများဖုံး၍ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ဦးကျော်အောင် ထွန်း၊ အမှတ်(၂)ရပ်ကွက်၊ ကလေးဝမြို့နေသူအား မြို့နယ်သစ်တောဦးစီးဌာနက သစ်တောဥပဒေ အရ ဘုတလင်မြို့မရဲစခန်းတွင် အမှုဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြားရေယာဉ်များဖြင့် တရားမဝင် သစ်များ သယ်ဆောင်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


MDN

 

123