ဘုတလင် ၂၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ ဘဏ်ဖွင့်ချိန်မှ စတင်ကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးခြင်းကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မြို့နယ်မန်နေဂျာ ဦးခင်မောင်တင့် ထံမှ သိရသည်။
ဘုတလင်မြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ပင်စင်စား(၁၂၀ဝ)ကျော်ခန့် ရှိကြောင်း၊ ယမန်နေ့က ငွေထုတ်လာသည့် ပင်စင်စား(၂၆၀)ဦးခန့်ရှိကြောင်း၊ တချို့ကလည်း ကိုဗစ်-၁၉ ရောဂါရောဂါကြောင့် ပင်စင်လာမထုတ်သေးသည့် သူတွေလည်းရှိကြောင်း၊ ပင်စင်စားတွေအတွက် ကျန်းမာရေး/လုံခြုံရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်စင်စားများအား နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး လာရောက်ကြရန် မေတ္တာရပ်ခံလျှက်ရှိကြောင်း၊ ပင်စင်ထုတ်ပေးရာတွင်လည်း (၅)ဦးစီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် မြို့နယ်မန်နေဂျာ ဦးခင်မောင်တင့်က ပြောပြသည်။
ပင်စင်လစာထုတ်ယူကြမည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဦးနှင့် တစ်ဦး(၆)ပေကွာခန့် နေထိုင်ပေးရေး၊ ဘဏ်သို့ ငွေသွင်း/ငွေထုတ် ပြုလုပ်ရန်လာရောက်ပါက လက်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီး လာရောက်ကြစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)


