ဘုတလင် ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူများ တွေ့ရှိလာခဲ့ပါက ကိုင်တွယ်ကုသရာတွင် ရောဂါကူးစက်မှု မရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြတ်သဒ္ဓါလူမှုကူညီရေးအသင်းဝင်များအား အကာအကွယ်ဝတ်စုံ (PPE) စနစ်တကျ ဝတ်ဆင်မှုကို မတ်လ ၂၅ ရက် ညနေပိုင်းက သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့သရုပ်ပြလေ့ကျင့်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်က COVID-19 ရောဂါ အကာအကွယ်ဝတ်စုံ (PPE) စနစ်တကျဝတ်ဆင်မှု၊ Mask များကို မှန်ကန်စွာ အသုံးပြု တပ်ဆင်မှုနှင့် အသုံးပြုပြီးပါက စနစ်တကျ စွန့်ပစ်ရမည့်နည်းလမ်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းလှိုင်ဦးက COVID-19 ရောဂါ အကာအကွယ်ဝတ်စုံ (PPE) နှင့် Mask များကို စနစ်တကျ အသုံးပြုဝတ်ဆင်မှုအား တစ်ဆင့်ချင်း လက်တွေ့ သရုပ်ပြသခဲ့ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြတ်သဒ္ဓါလူမှုကူညီရေးအသင်းဝင်များက လက်တွေ့ လေ့ကျင့်ဝတ်ဆင်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)