ဘုတလင်   ၁၇  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်၊ လ္ဘက်ရည်ဆိုင်များနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာဖြေဌာန အခြေခံပညာ အထက်တန်းကျောင်းရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် ကျန်းမာရေး ဝန်ထမ်းများက  အဖွဲ့ငယ်များခွဲ၍ COVID-19 ရောဂါ သံသယဖြစ်ဖွယ်လက္ခဏာများ၊ ရောဂါကူးစက်နိုင်သည့် အခြေအနေများ၊ ရောဂါကာကွယ်ရန်နည်းလမ်းများ၊ သံသယလူနာများနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများရှိပါက သတင်းပို့ကြရန်၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့နောက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက COVID-19 ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး ဗီနိုင်းပိုစတာများ ချိတ်ဆွဲကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာသို့ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်နှင့် ကော်မတီဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

 

 

ဖိုးခါး(ပြန်/ဆက်)