ဘုတလင် ၁ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မျိုးစေ့ထုတ် နည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင် တို့က အမှာစကား ပြောကြားပြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နှင့် ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာတို့က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မျိုးစေ့ထုတ် နည်းပညာပေးသင်တန်း ဖွင့်လှစ် ရခြင်း၏ ရွယ်ချက်များ၊ မျိုးစေ့ထုတ်တောင်သူများ ရွေးချယ်ခြင်း၊ အရည်အသွေးကောင်းမျိုးနှင့် အထွက်နှုန်းကောင်း မျိုးများ ထောက်ပံ့ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေဦးစိုက်ပျိုးရေးမျိုးသန့်ခြံမှ ခြံတာဝန်ခံ ဦးတင်မောင်ဝင်းနှင့် တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်း တို့က စပါးမျိုးကောင်းမျိုးသန့် ရရှိရေးအတွက် မျိုးစေ့ထုတ် နည်းပညာဆိုင်ရာ ဘာသာရပ်များကို မျိုးစေ့ထုတ် တောင်သူ (၈၀) ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်း (၃၀) ဦးအား ဆွေးနွေးပို့ချခဲ့ကြသည်။
ဘုတလင်မြို့နယ်ရှိ ကျေးရွာအုပ်စု (၇) အုပ်စုရှိ စိုက်ဧက (၂၃၀) ကို မိုးစပါးများမျိုးစေ့ထုတ် စိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)