ဘုတလင် ၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီက ယာယီဈေးတွင် ပြည်တွင်း ဖြစ် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့အားကစားကွင်းအတွင်းရှိ ယာယီဈေးမှ ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအား မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် အဖွဲ့ဝင်များက ပိတ်ဖြူစများဖြင့် ချုပ်ထားသော ပြည်တွင်းဖြစ် နှာခေါင်းစည်း(၅၀ဝ)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပြည်တွင်းဖြစ် နှာခေါင်းစည်းများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များကိုယ်တိုင် စနစ် တကျ ချုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး မောင်းထောင်ကျေးရွာရှိ ယာယီပျံကျဈေးသို့လည်း အခမဲ့ ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်။
အလားတူ ဘုတလင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အဖြစ် ယာယီဈေးသို့ ဈေးဝယ်လာသူများကို လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများကို ကြေညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


