မုံရွာ၊  ၃၀  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် တွင်းတောင်နှင့် ကနီမြို့နယ်တို့တွင် စိမ်းပြာရေညှိ ထွက်ရှိသည့် တွင်းမနှင့် တောင်ပျောက်တွင်းများတွင် ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေများကို တစ်နှစ်ကြာ သုတေသနပြုကာ စာတမ်းတစ်စောင်ပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။

 

တွင်းတောင်၊ တွင်းမနှင့် တောင်ပျောက်တွင်းများတွင် ပတ်ဝန်းကျင်ပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး စိမ်းပြာရေညှိထွက်ရှိမှု ထိခိုက်လာသည့် အခြေအနေများ သုတေသနစစ်တမ်းကို ကနဦး လုပ်ငန်းများအဖြစ် ယနေ့နံနက်ပိုင်းတွင် ကနီမြို့နယ်အတွင်းရှိ တွင်းမကျေးရွာနှင့် တောင်ပျောက်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ သုတေသနလုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီးရှင်းလင်း ဆွေးခဲ့ကြောင်း သိရသည်။

 

“တွင်းတောင်၊ တောင်ပျောက်နဲ့ တွင်းမဆိုတဲ့နေရာ(၃)ခုမှာ စိမ်းပြာရေညှိ အထွက်နှုန်းလျော့ပါးလာတဲ့ အနေအထားတွေ ရှိနေပါတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်လေ့လာဖို့ ကော်မတီတစ်ခု ဖွဲ့စည်းထားရာမှာ ကျွန်တော်တို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ပြီးခဲ့တဲ့နှစ်က ကွင်းဆင်းခဲ့ပြီး ဖြစ်ပါတယ်၊ ဒီကနေ့ပဲတွင်းမကိုသွားပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒေသခံကအုပ်ချုပ်ရေးမှူး တွေနဲ့ တွေ့ဆုံဆွေနွေးဖို့ ရည်ရွယ်ထားပါတယ် သုတေသန လုပ်ငန်းကို တစ်နှစ်အချိန်ယူပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

 

တွင်းတောင်၊ တွင်းမနှင့် တောင်ပျောက်တွင်းများတွင် တစ်နှစ်ကြာ သုတေသနပြုတွေ့ရှိချက်များကို သက်ဆိုင်ရာ စာတမ်းဖတ်ပွဲများတွင် တင်ပြခြင်း သက်ဆိုင်ရာဌာနများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့များသို့  တင်ပြသွားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)