ဘုတ်ပြင်း အောက်တိုဘာ ၉

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဘုတ်ပြင်း-အုန်းတောကမ်းတံတား တည်ဆောက်ရေးစီမံကိန်းအား ဆောင်ရွက် လျက်ရှိရာ ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးမှုမှာ(၉၉) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး တံတားလက်ရန်းလုပ်ငန်းများနှင့် အချောသတ်လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း-အုန်းတောကမ်းလမ်း၌ တည်ဆောက်ရေးစီမံကိန်းဆောင်ရွက်နေသော ဘုတ်ပြင်းမြို့နှင့် အုန်းတောကမ်းကျေးရွာအုပ်စုအား ကားလမ်းချိတ်ဆက်ပေးမည့် ဘုတ်ပြင်း-အုန်းတောကမ်း တံတားသစ်တည်ဆောက်ရေးကို စီမံကိန်းတန်ဖိုး ငွေကျပ်သန်းပေါင်း (၅၄၃၄ ဒသမ ၀၀၀) အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၄)၊ တံတားအထူးအဖွဲ့(၁၃)မှ တာဝန်ယူဆောင်ရွက်နေကြခြင်းဖြစ်သည်။ အဆိုပါတံတားသစ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဧပြီ ၁၈ ရက်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ နှစ်လမ်းသွားတံတားသစ်၏အရှည် စုစုပေါင်းပေ (၁၂၀၀)၊ ယာဉ်သွားလမ်းအ ကျယ်(၂၄)ပေနှင့် လူသွားလမ်း အကျယ်တစ်ဖက်လျှင်(၃)ပေ စီပါဝင်ပြီး ရေလမ်းကင်းလွတ်အကျယ်(၈၃)ပေ၊ အမြင့် (၁၈) ပေရှိကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းတန်(၆၀) ဖြစ်ကြောင်း၊ တံတားကိုယ်ထည်မှာ သံကူကွန်ကရစ်ဖြစ်၍ တံတားအပေါ်ထည်အား သံကူကွန်ကရစ်ရက်မ၊ သံမဏိရက်မ (Plate Girder)နှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားကြောင်း သိရသည်။

 

ဘုတ်ပြင်း-အုန်းတောကမ်းတံတားသစ်အား ပင်လယ်ရေငန်နှင့်ထိစပ်နေသော အပိုင်းများတွင် တည်ဆောက်ရသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ ရေငန်ထိတွေ့မှုခံနိုင်ရည် ရှိစေရန်အတွက် သတ်မှတ်ချက်နှင့်အညီ သံချောင်းများအား Anticorrosive Paint သုတ် လိမ်းပြီးမှသာ အသုံးပြုထားခြင်းသည်။

 

အနီးပတ်ဝန်းကျင်ကျေးရွာများ ကုန်စည်စီးဆင်းမှုကောင်းမွန်စေရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့၍ လွယ်ကူလျင်မြန်စွာ သွားလာဆောင်ရွက်နိုင်စေရန်နှင့် လမ်းပန်းဆက်သွယ်ရေးကောင်း မွန်လာပါက ကျေးရွာများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါဘုတ်ပြင်း-အုန်းတောကမ်းတံတား သစ်အား တည်ဆောက်ရခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ဘုတ်ပြင်း-အုန်းတောကမ်းတံတားသစ် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက အုန်းတော ကမ်းဘက်ရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအတွက် လမ်းပမ်းဆက်သွယ်ရေးကဏ္ဍ ပိုမိုမြန်ဆန် ကောင်းမွန်လာစေမည်ဖြစ်၍ ခြံထွက်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများအား ဘုတ်ပြင်းမြို့နှင့်ဒေသအတွင်းသို့ ပို့ဆောင်ရာတွင် အဆင်ပြေလွယ်ကူချောမွေ့စွာ ဆက်သွယ်သွားလာ ပို့ဆောင်နိုင်ကြမည်ဖြစ်သောကြောင့် အုန်းတောကမ်းဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)