ဘုတ်ပြင်း အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ဘုတ်ပြင်း-အုန်းတောကမ်းတံတား တည်ဆောက်ရေး စီမံကိန်းအား ဆောင်ရွက်လျက်ရှိရာ ယခုအခါတံတားတစ်စင်း လုံးတည်ဆောက်ပြီးစီးမှု ၉၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ တံတားလက်ရန်းလုပ်ငန်းများနှင့် အချောသပ်လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဘုတ်ပြင်းမြို့နှင့် အုန်းတောကမ်းကျေးရွာအုပ်စုအား ကားလမ်းချိတ်ဆက် ပေးမည့် ဘုတ်ပြင်း-အုန်းတောကမ်းတံတားသစ် တည်ဆောက်ရေးအတွက် စီမံကိန်းတန်ဖိုးငွေကျပ် သန်းပေါင်း ၅၄၃၄ ဒသမ ၀၀၀ အကုန်အကျခံတည် ဆောက်နေခြင်းဖြစ်သည်။
အဆိုပါ နှစ်လမ်းသွားတံတားသစ်၏ အရှည် စုစုပေါင်း ပေ ၁၂၀၀ ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းအကျယ်တစ်ဖက်လျှင် သုံးပေစီပါဝင်၍ ရေလမ်း ကင်းလွတ်အကျယ် ၈၃ ပေ နှင့်အမြင့် ၁၈ ပေရှိကာ တံတား ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန် ၆ဝ ဖြစ်ကြောင်း၊ တံတား ခန်းဖွင့်အနေဖြင့် ခန်းဖွင့်အကျယ် ပေ ၆၀ ငါးခန်း၊ ခန်းဖွင့် အကျယ် ပေ ၁၀၀ ခြောက်ခန်းနှင့် ခန်းဖွင့်အကျယ် ပေ ၆၀ ငါးခန်း တို့ဖြင့် ပါဝင်ဖွဲ့စည်းတည်ဆောက်ထားသည်။ တံတားအောက်ခံအုတ်မြစ်များအား အချင်း (၁ ဒသမ ၂ မီတာ)ရှိ သည့် ဘိုးပိုင်များဖြင့် တည်ဆောက်ထားကာ တံတား ကိုယ်ထည်မှာ သံကူကွန်ကရစ်ဖြစ်၍ တံတားအပေါ်ထည် အား သံကူကွန်ကရစ် ရက်မ၊ သံမဏိရက်မ(Plate Girder) နှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထား ကြောင်း သိရသည်။ တံတားသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ်ဧပြီ၁၈ ရက်ကလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။
သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်