နေပြည်တော်၊ ၂၇ ဇန်နဝါရီ
ပုပ္ပါးဒေသအား အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ်သတ်မှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးရန်နှင့် အမျိုးသားအဆင့် ဘူမိဥယျာဉ် အဆိုပြုလွှာ (မူကြမ်း) ပြုစုထားမှုအခြေအနေများကို ဆွေးနွေးတင်ပြရန် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြန်မာနိုင်ငံ၌ ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် UNESCO Global Geopark များသတ်မှတ်နိုင်ရေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီနှင့် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်သတ်မှတ်ခံရရေး အလားအလာကောင်းများ ပိုင်ဆိုင်သည့် ပုပ္ပါးဒေသကို အမျိုးသားအဆင့်ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန် ပထမအဆင့်လုပ်ငန်းဖြစ်သည့် အဆိုပြုလွှာ(မူကြမ်း)ကို “ဘူမိဥယျာဉ် အဆိုပြုလွှာပြုစုခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့”ကို ဖွဲ့စည်း၍ ပြုစုရေးသားထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ပညာရှင်များမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဘူမိနယ်မြေ (Geosite)များကို ကနဦး ကွင်းဆင်းဖော်ထုတ်ထားပြီး ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံ၏ ထူးခြားထင်ရှားသည့် သဘာဝအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရုံသာမက မြန်မာနိုင်ငံ၏ သဘာဝသယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှုသမိုင်းကြောင်းများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုသိရှိလာစေနိုင်မည်ဖြစ်ပါကြောင်း၊ ပုပ္ပါးတောင်ဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခြင်းကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပထမအကြိမ် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြသည်။
ထို့နောက် တက်ရောက်လာသူများမှ ပုပ္ပါးဒေသအား အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အမျိုးသားအဆင့် ဘူမိဥယျာဉ် အဆိုပြုလွှာအား အပြီးသတ်ပြုစုနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်


