ဘူးသီးတောင် မတ် ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မတ် ၂၂ ရက်တွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Depression)နှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ရှာဖွယ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက အသိပေးနှိုးဆော်ခဲ့ပြီး အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)


