ဘူးသီးတောင် ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ခမီရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲတော်ကျင်းပခြင်းကို ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်(၇)နာရီအချိန်က ဂန္ဓရီကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ခမီရိုးရာကြေးမောင်း(၉)ကြိမ်တီးခတ်ပြီး၊ ရိုးရာလင်္ကာဖြင့်ရွတ်ဖတ်သီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး ဘူးသီးတောင်မြို့၊ ဂန္ဓရီလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း ဆရာတော်အရှင်အာဒိစ္စက ခမီရိုးရာ(ဆနီ)ပွဲကျင်းပရခြင်း ၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ခမီတေးသီခြင်းသီဆိုပြီး "နေ"ထွက်အက၊" လ"ထွက်အကဖြင့်ကပြဖျော်ဖြေခဲ့သည်။
ထို့နောက် ဘူးသီးတောင်မြို့နယ်၊ ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းစိန်အောင်က ခမီရိုးရာ(ဆနီ)ပွဲနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ မြိုတိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့၊ ဒိုင်းနက်(ခေါ်)ဆက္ကမ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့တိုက ကပြဖော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ခမီရိုးရာစစ်ရေးပြအက၊ ခမီရိုးရာ ဝါးညှပ်အကဖြင့် ကပြဖျော်ဖြေခဲ့ကာ ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ခမီရိုးရာနှစ်သစ်ကူး(ဆနီ) ပွဲတော်သို့ တက်ရောက်လာသည့် မျိုးနွယ်စုအကအဖွဲ့များက "စည်းလုံးကြစိုး"တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခမီရိုးရာနှစ်သစ်ကူး(ဆနီ) ပွဲတော်မှာ ခမီတိုင်းရင်းသားတို့၏ဘိုး၊ ဘွားလက်ထက်ကတည်းက ကျင်းပလာခဲ့ကြတဲ့ ပွဲတစ်ခုဖြစ်ပြီး နေနဲ့လကို ပူဇော်တဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း နေထွက်လာချိန်မှာ" နေ" ထွက်အက၊ လ ထွက်လာချိန်မှာ "လ"ထွက်အကတို့နဲ့ ကပြရတဲ့ ရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဆနီပွဲတော်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် မြောက်ဦးမြို့နယ် လောင်းရှည်ချောင်းကျေးရွာတွင် တစ်နှစ်ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၈ ခုနှစ်က စ၍ ဘူးသီးတောင်မြို့မှာ ပြန်လည်ကျင်းပလာတာဖြစ်ပြီး ခမီတိုင်းရင်းသားတွေဟာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုထဲက တိုင်းရင်းသားမျိုးနွယ်စုတစ်မျိုးဖြစ်ပြီး စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ လူဦးရေတစ်သိန်းခန့် နေထိုင်ကြကြောင်း ပွဲကျင်းပရေးကော်မတီ ဉီးသိန်းမောင်ထံမှ သိရသည်။
လှကျော် ( ပြန်/ဆက်)