ဘူးသီးတောင် ဇူလိုင် ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာ၊ လယ်မြေ ၈၅ ဧကအတွင်း စုပေါင်းထွန်ယက်ပွဲနှင့် အကျိုးဆောင်တောင်သူများဖြင့် မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၈၅ ဧကဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ဆင်းသွယ်လတ်၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ်ပျိုးခင်းများအား ယူရီးယားမြေဩဇာနှင့် စူပါဘိုကာရှီမြေဆွေးရောစပ်၍ ပျိုးခင်းများအား စုပေါင်းကြဲပက်နေမှုကို လှည့်လှည်ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ် မြေအသုံးချတာဝန်ခံ ဒေါ်ခင်ဆွေအေးနှင့်အဖွဲ့က တောင်သူများအား စူပါဘိုကာရှီ မြေဆွေးပုံ လက်တွေ ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေး၍ တောင်သူများအား သဘာဝဓာတ်မြေဩဇာပြုလုပ်ရာ၌ အသုံးပြုသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်ထားသော အသင့်သုံး EMဖျော်ရည်ဘူးများ ပေးအပ်ပြီး တောင်သူများအား စူပါဘိုကာရှီ မြေဆွေးများအား တောင်သူများအနေဖြင့် လက်တွေ့အသုံးပြုကြရန်နှင့် စိုက်ပျိုးသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဘူးသီးတောင်မြို့နယ်တွင် မိုးစပါးလျာထားချက်မှာ ၅၃၉၀၂ ဧကရှိရာ ပျိုးထောင်ပြီးဧက ၂၅၅၅ ဧကနှင့် စိုက်ပျိုးပြီးဧက ၁၅၇၉၉ ဧကဖြစ်ကြောင်း၊ ယခုနှစ်တွင် ယမန်နှစ်ထက် ၁၈၇ ဧက ပိုမိုစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)