မောင်တော ၈ ဇန်နဝါရီ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပန်းဘဲချောင်းကျေးရွာအနီး တောင်ဘဇာ-ပန်ဇီသွားကားလမ်းပေါ်တွင် ယနေ့နံနက် ၁၀ နာရီက လက်လုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာနေ မမေသန်းနုသည် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စု၊ ဂန္ဓရူး(ခမီး)ရွာရှိ ဆွေမျိုးများထံသို့ အလည်အပတ်သွားရောက်ပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးထွန်းလေး၏ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တောင်ဘဇာ - ပန်ဇီသွားကားလမ်းတွင် လက်လုပ်မိုင်း နင်းမိပေါက်ကွဲသဖြင့် မမေသန်းနုတွင် ဝဲဘက်ခြေသလုံးကြွက်သား အလျား(၅)လက်မ၊ အကျယ် (၂)လက်မခွဲခန့်ရှိ ပေါက်ပြဲဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ မမေသန်းနုသည် ဘူးသီးတောင်မြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)