နေပြည်တော် ၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ဇန်နဝါရီလ ၄ ရက်တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတာဝန်ထမ်းဆောင်စဉ် AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၏ မိသားစုနေအိမ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ သွားရောက်ကြည့်ရှု နှစ်သိမ့်အားပေးစကားများပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေများအား သွားရောက်ပေးအပ်သည်။
ဇန်နဝါရီ ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စိန်ရွှင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ကြပ် မန်လျှံဇမ်း၏ ကျန်ရစ်သူမိသားစုနှင့်တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားများပြောကြားပြီး ဇနီးဖြစ်သူ ဒေါ်ပြည့်ပြည့်ဖြိုးထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀)သိန်းနှင့် ကသာခရိုင်ရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေကျပ်(၂)သိန်းတို့ အားလည်းကောင်း။
စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဇော် ဦးစီးသည့်အဖွဲ့က စစ်တွေမြို့နယ်၊ ချီလည်ပင်းကျေးရွာသို့ သွားရောက်၍ ရဲဒုတပ်ကြပ် အောင်ဌေး၏ ကျန်ရစ်သူမိသားစုနှင့်တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားများပြောကြားပြီး ဦးလေးဖြစ်သူ ဦးကြာစိန်ထွန်းထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀)သိန်းအား လည်းကောင်း။
ဇန်နဝါရီ ၆ ရက်တွင် ချင်းပြည်နယ်၊ တွန်းဇံခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြသောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရဲတပ်သား ဂိုးခန့်ပေါင်၏ ကျန်ရစ်သူမိသားစုအား ကျီးခါးမြို့၌ သွားရောက်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး ဖခင်ဖြစ်သူ ဦးခမ်းခန့်ဒိုး ထံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၁၀)သိန်းနှင့် တွန်းဇန် မြို့နယ်ရဲတပ်ဖွဲ့မှ ငွေကျပ်(၂)သိန်းတို့အားလည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN
