ဘူးသီးတောင်မြို့နယ်ရှိ  ရဲကင်းစခန်းလေးခုအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ

နေပြည်တော် ၄ ဇန်နဝါရီ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ  ရဲကင်းစခန်းလေးခုအား ယနေ့ နံနက်ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ကလည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ ကလည်းကောင်း၊ ဂုပ္ပိ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ ကလည်းကောင်း၊ ခထီးလှ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ က လည်းကောင်း နံနက် ၆ နာရီ ၄၅ မိနစ်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း လှုပ်ရှားစစ်ကြောင်းများဖြစ်သော အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ စစ်ကူအဖွဲ့များနှင့် တပ်မတော်မှ စစ်ကြောင်းများက စခန်းများသို့ စစ်ကူသွားရောက်ပူးပေါင်းခဲ့ရာ ငမြင်းဘော်စခန်းသို့ နံနက် ၉ နာရီ ၃၅ မိနစ် တွင်လည်းကောင်း၊ ကျောင်းတောင်စခန်းသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် တွင် လည်းကောင်း၊ ဂုပ္ပိစခန်းသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ခထီးလှ စခန်းသို့ နံနက် ၉ နာရီခွဲတွင်လည်းကောင်း ပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။

 

mdn

 

ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့ မရောက်ရှိသေးမီ AA သောင်းကျန်းသူအဖွဲ့က ဖိအားပေးတိုက်ခိုက်မှု ပိုမို ပြင်းထန်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ စခန်းနှစ်ခုအား စွန့်ခွာခဲ့ရကြောင်း၊ ဂုပ္ပိရဲကင်းစခန်းနှင့် ခထီးလှ ရဲကင်းစခန်းနှစ်ခုသည် နံနက် ၇ နာရီခွဲခန့်မှ စ၍ တပ်မတော်စစ်ကြောင်းများ၏ လက်နက်ကြီး ပစ်ကူရရှိခဲ့ပြီး ရဲကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံ စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် AA သောင်းကျန်းသူအဖွဲ့များက စခန်း နှစ်ခုအား  သိမ်းပိုက်ရရှိရေး အင်အားအလုံးအရင်းဖြင့် ခြံစည်းရိုးကို အကြိမ်ကြိမ် ဖျက်ဆီး ထိုးဖောက်သော်လည်း စခန်းအား သိမ်းပိုက်ရရှိမှုမရှိဘဲ ဝန်းရံပိတ်ဆို့ ထားခဲ့ ကြောင်း၊ နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၎င်းကင်းစခန်းများသို့ တပ်မတော် ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် လည်းကောင်း၊ တပ်မတော်စစ်ကူ စစ်ကြောင်းများက ဝိုင်းပတ်ပိတ်ဆို့ထားသည့် AA လက်နက်ကိုင်အဖွဲ့များကို ပစ်အားသုံး၍ တရစပ် ထိုးစစ်ဆင် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လည်းကောင်း နံနက် ၉ နာရီခွဲ ခန့်တွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းမိသဖြင့် AA သောင်းကျန်းသူ အဖွဲ့က အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

AA သောင်းကျန်းသူအဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ  တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး   ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊   ကျောင်းတောင် ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊   ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ  ၃ ဦး ဒဏ်ရာရရှိကာ  ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊  ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကား ပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်း တစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်း လျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ  ၄ ရွာမှ တိုင်းရင်း သား၊ တိုင်းရင်းသူ များသည် ကျေးရွာများသို့ စွန့်ခွာတိမ်းရှောင်သွားသဖြင့်  အဆက် အသွယ်ရရှိရေး ရှာဖွေ လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA သောင်းကျန်း သူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် လာ ခြင်း ဖြစ်ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့၏  အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်းနှိမ်နင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn