နေပြည်တော် ၂၃ ဇန်နဝါရီ
မြန်မာတို့၏ လူမှုဘဝနယ်ပယ်တွင် “ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်”ဟူသော ဆိုရိုးစကားရှိသည်။ လူ့ဘဝသည် အလွန်တိုတောင်းလွန်းသည်ကို မိမိတို့၏လက်ကွေးခြင်း၊ ဆန့်ခြင်းမျှ ကာလအတွင်း လူ့ဘဝသက်တမ်း ကုန်ဆုံးသွားနိုင်သည်ကို ညွှန်းဆိုထား ခြင်းဖြစ်သည်။ ထို့ကြောင့် တိုတောင်းလှသော လူ့ဘဝခဏတာအတွင်း တန်ဖိုးရှိရှိ ပြုမူနေထိုင်လုပ်ကိုင်သွားကြဖို့ ရှေးပညာရှိတို့က သတိပေး ထားခြင်း ဖြစ်ဟန်တူသည်။
သတိမမူလျှင် ဂူမမြင်ဆိုသကဲ့သို့ မိမိတို့ဘဝကို သတိမမူမိကြဘဲ မှန်သည်ထင်ရာကို လုပ်ကိုင်လေ့ရှိကြသည်မှာ ပုထုဇဉ်လူသားများ၏ သဘာဝဖြစ်သည်။ မိမိတို့၏ တစ်ခဏတာကာလလေးကိုပင် ထာဝရ ဟုပင် ထင်မှတ်မှားနေကြပြီး ပြောမှား၊ ဆိုမှား၊ လုပ်မှား၊ ကိုင်မှား ပြုမူ နေကြသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများဖြင့် တစ်ဦးနှင့် တစ်ဦး ဆက်ဆံပြုမူတတ်ကြသည်။ တိုတောင်းသော မိမိတို့ဘဝ ကွက်ကွက်လေးကိုသာ ရှုမြင်၍ ရှည်လျားသော အနာဂတ်မျိုးဆက် အဆက်ဆက်တို့အရေးကို မမြော်တွေးနိုင်ကြသည်မှာ ဝမ်းနည်းဖွယ်ဖြစ် သည်။ ယင်းနှင့်ဆက်စပ်၍ ဇန်နဝါရီလ ၂၁ ရက်နေ့ ချင်းပြည်နယ် ဟားခါးမြို့ ရှုခင်းသာရှိ ချင်းရိုးရာမုခ်ဦးနှင့် မျှော်စင်ဖွင့်ပွဲတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က -
“ကျွန်မတို့ဟာ ဒီကမ္ဘာကြီးမှာ တစ်ခဏပဲနေသွားရတာပါ။ နေသွား ရတဲ့အချိန်တွေက အင်မတန်မှ တိုတောင်းပါတယ်။ ဒီတိုတောင်းတဲ့ အချိန်လေးမှာသာလျှင် ကျွန်မတို့နေတဲ့ ရေ၊ မြေအတွက် တာဝန်ယူရ တာပါ။ တကယ်တော့ ဘယ်သူမှ ရေ၊ မြေကို ပိုင်တယ်လို့ မရှိနိုင်ပါဘူး။ ဘယ်လောက်ပဲ ဥပဒေအရ စာရွက်စာတမ်းနဲ့ပိုင်ပိုင် တစ်ခဏပဲ။ ကျွန်မ တို့သက်တမ်းနဲ့တော့ ပိုပြီးတော့ ပိုင်နိုင်တာ မဟုတ်ပါဘူး။ ကျွန်မတို့ ရေ၊ မြေအတွက် တာဝန်ယူရတဲ့အချိန်လေးမှာ ကောင်းကောင်းမွန်မွန် တာဝန်ယူစေချင်ပါတယ်။ ရေ၊ မြေဖွံ့ဖြိုးတိုးတက်ဖို့၊ လှပဖို့ ကျွန်မတို့ဟာ တစ်ခဏသာ တာဝန်ယူထားတဲ့လူတွေမို့၊ ပိုင်ရှင်မဟုတ်တာကြောင့် အမြဲပဲထိန်းသိမ်းပြီး နောင်လာမယ့် ပိုင်ရှင်တွေအတွက် အခြေအနေ ကောင်းအောင် ထားခဲ့ရမယ်ဆိုတာကို နှလုံးသွင်းစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါသတိပေးစကားနှင့် ဆက်စပ်၍ အလေးထားတွေးတော ဆင်ခြင်မိကြရမည်ဖြစ်သည်။ လူသားများအား အကျိုးပြုနေသည့် သဘာဝပတ်ဝန်းကျင်ကို လက်ငင်းအကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ရှု၍ မတော်လောဘများ အတောမသတ်နိုင်အောင် ဖြစ်နေကြ သည်တို့ကို သတိမူကြရမည်ဖြစ်သည်။ မိမိတို့ပိုင်သည်ဟုဆိုသည့် ဤမြေ၊ ဤရေ အရာအားလုံးတို့သည် သင်္ခါရသဘောတရားအရ မည်သူမျှမပိုင်ဘဲ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထားရစ်ခဲ့ရမည်ကို သံဝေဂယူရမည်ဖြစ်သည်။
တိုတောင်းလှသည့် ဘဝခရီးနှင့်စပ်လျဉ်း၍ အဓိကမှာ သဘာဝ ပတ်ဝန်းကျင်ထက် မိမိတို့၏ လူမှုဘဝပတ်ဝန်းကျင်နှင့် ပိုမိုသက်ဆိုင်သည်။ လူမှုဘဝပတ်ဝန်းကျင်တွင် လူတို့၏ စိတ်နေစိတ်ထားများမှာ အထူး အရေးကြီးသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသကဲ့သို့ ပြည်ထောင်စုတိုင်းရင်းသားများ အားလုံး၏ စိတ်နေစိတ်ထား သဘောထားများအတွက် တာဝန်ယူပေးကြရမည်ဖြစ်သည်။ မိမိတို့အကျိုးထက် အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး၏အကျိုးကို တာဝန်ယူစေလိုရင်း ဖြစ်ပါသည်။
သို့ဖြစ်ရာ လက်ရှိတွင် ရှင်သန်လှုပ်ရှား တာဝန်ယူဆောင်ရွက်နေကြ သူများသည် မိမိတို့၏ အခြေအနေကောင်းမွန်ရေးထက် နောင်မျိုးဆက် များလက်ထက်ထိတိုင် မြော်တွေးဆောင်ရွက်ပေးသင့်သည်။ အနာဂတ်တွင် ဆက်လက်တာဝန်ယူကြမည့် မျိုးဆက်သစ်များအား ကောင်းမွန်သည့် အမွေအနှစ်များ လက်ဆင့်ကမ်းပေးဝေရေး၊ ကောင်းမွန်သည့် စိတ်နေ စိတ်ထားများ ရှင်သန်ထွန်းကားရေး ကြိုးပမ်းအားထုတ်ပေးနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ