ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် သက်တော်ရှည် ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ၏ ဥတုဇရုပ်ကလပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ၁၅ မတ် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဧလာမြို့ရှိ ဂိုဏ်းထောက်ကျောင်းတိုက်သို့သွားရောက်၍ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် သက်တော်ရှည်ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ၏ ဥတုဇရုပ်ကလပ်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာ့ ဝုဒ္ဓိဝိသောဓနီ သိမ်တော်အတွင်းထားရှိသည့် သက်တော်ရှည်ဂိုဏ်းထောက် ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။

 

mdn

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဉာဏိဿရ အားဖူးမြော်ကြည်ညိုကြပြီး ကျောင်းထိုင်ဆရာတော်က အန္တိမဈာပနအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်  စီစဉ်ဆောင် ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းမြွက်ကြားရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ မေးမြန်းလျှောက်ထားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အန္တိမဈာပနအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ တပ်မတော်အရာရှိကြီးများက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

သက်တော်ရှည်ဂိုဏ်းထောက်ဆရာတော်ဘုရားကြီးသည် သက်တော်(၁ဝဝ)၊ ဝါတော်(၈ဝ) ရှိပြီဖြစ်ပြီး မတ် ၁ဝ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနားအား မတ် ၁၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

(သတင်းစဉ်)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး