မောင်စိန်လွင်(မင်းကင်း)
“အလိမ္မာစာမှာရှိ၊ စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုရိုးစကားရှိသည့်အတိုင်း စာပေ၌ မွေ့လျော်သူသည်ယဉ်ကျေးသိမ်မွေ့ပြီး လူတော်လူကောင်းဖြစ်လာမည်မှာ မလွဲဧကန်ပေ။ စာပေနှင့် အသက်မွေးမြူမှ စာဖတ်ရသည်ဟု တချို့က လွဲမှားစွာခံယူထားကြသည်။ ဤအယူအဆသည် မဖြစ်သင့်သော ခံယူချက်ဖြစ်သည်။ လူ့ဘဝတွင် ရင်ဆိုင်လုပ်ဆောင်ရန်ကိစ္စမှန်သမျှသည် စာပေထဲ၌ရှိသည်။ လူတိုင်းသိသင့်သည့်အသိပညာအလိမ္မာများ စာပေထဲမှာရှိ၍ သုတ၊ ရသစာပေများ ဖတ်ရှုရန်လိုပါသည်။
လူထဲက လူဖြစ်နေသမျှ စာဖတ်နေရမည်။ အားလပ်ချိန်များတွင် အကျိုးမရှိသောကိစ္စရပ်များဖြင့် အချိန်မဖြုန်းသင့်၊ စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချသင့်သည်။ စာဖတ်ခြင်းကား ပြည့်ဝစေသည်ဟု ဖရန်စစ်ဘေကွန်က ဆိုသည်။ ထို့ပြင် ဘဝတွင် ပြည့်စုံသူတစ်ယောက်ဖြစ်လာစေရန် စာဖတ်ခြင်းကသာ ဖန်တီး ပေးနိုင်သည်ဟု မြန်မာဆိုရိုးစကားလည်းရှိသေးသည်။ ငွေနှင့်ပေးဝယ်၍မရသော အကြားအမြင် ဗဟုသုတများ သည်လည်း စာဖတ်ခြင်းမှ ရရှိသည်။ စာဖတ်သူအဖို့အသိအလိမ္မာရရှိစေသည်သာမက သူ၏ပတ်ဝန်းကျင်ကိုပါ အကျိုးရှိပုံကို -
“ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်” ဟု ဆရာတော်ရှင်မဟာရဋ္ဌသာရက ဖွဲ့ဆိုခဲ့သည်။ စာဖတ်ခြင်းက စာဖတ်သူသာမက ပတ်ဝန်းကျင်ကိုပါ အကျိုးပြုစေနိုင်ကြောင်း တွေ့ရပေသည်။ ထို့ကြောင့် စာဖတ်ဝါသနာကို လူတိုင်းပျိုးထောင်သင့်သည်။
မည်သည့်အလုပ်ကို လုပ်မည်နည်း။ ထိုအလုပ်အကြောင်းအရာနှင့် ပတ်သက်မှုများသည် စာပေထဲတွင်ရှိသည်။ သစ်တောအကြောင်းသိလိုသလား၊ စိန်၊ ရွှေရတနာအကြောင်း သိလိုသလား၊ ရေမြေတောတောင်ရာ သီဥတုအကြောင်း သိလိုသလား၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပန်းချီ၊ ဂီတ၊ ဆေးပညာ စသည့်အကြောင်းအရာများ သိလိုသလား စာဖတ်ခြင်းဖြင့် ရရှိနိုင်ပါသည်။ မိမိသိလိုသမျှ သိနိုင်ဖို့ တတ်ကျွမ်းနားလည်သူ လူတကာကို ပေါင်းသင်းနိုင်မည်မဟုတ်။ ပေါင်းသင်း၍လည်း မိမိလိုချင်သော အသိပညာကို ရချင်မှရမည်။ စိတ်ရှည်ရှည်နှင့် အချိန်ပေးရှင်းပြဖို့ဆိုတာလည်း မလွယ်ပေ။ လူ့ဘဝအတွက် လိုအပ်သည်များကို ပေးနိုင်သော မိတ်ဆွေကောင်းမှာ စာအုပ်စာပေဖြစ်သောကြောင့်စာကို စွဲစွဲမြဲမြဲဖတ်သင့်ကြောင်း တိုက်တွန်းရပါသည်။
စာပေဖတ်ရှုခြင်းက ဘဝတစ်လျှောက်လုံးအတွက်အဆိုး၊ အကောင်းဝေဖန်ပိုင်းခြားနိုင်သော ဦးနှောက်အသိကို ရရှိစေသည်။ နှလုံးသားအတွက် အကြင်နာမေတ္တာတို့ကို ပေးစွမ်းသည်။ စာရေးသူက ဘဝပေးအတွေ့အကြုံ၊ ဘဝပေးအသိတို့ကို ဖြန့်ဝေပေးသောကြောင့် စာဖတ်သူမှာ စာရေးသူကဲ့သို့ အချိန်ပေးရင်းနှီးစိုက်ထုတ်စရာမလို။ အချိန်တိုအတွင်း သုတ၊ ရသနှစ်ဖြာသော အသိပညာကို ရရှိစေပါသည်။ စာပေပုံသ
ဏ္ဍာန်များစွာရှိပါသည်။ ရှေးဟောင်းစာပေ၊ ခေတ်အဆက်ဆက်မှတ်တမ်းတင်ထားသော ဂ္ထဝင်စာပေ၊ ခေတ်ပေါ်စာပေ၊ စကားပြေ၊ စကားပြောအမျိုးမျိုး စသဖြင့်စာပေမျိုးစုံဖတ်သင့်ပါသည်။
စာတတ်ပါလျက် စာမဖတ်လျှင် မတ်တတ်ခြောက်သည့် သစ်ခြောက်ပင်နှင့်တူစွဟု ဆိုရိုးရှိပါသည်။ စာမဖတ်သောသူသည် စာမတတ်သောသူနှင့် အတူတူပင်ဖြစ်ပြီး စာတတ်သော်လည်း စာမဖတ်သောသူသည်မျက်စိကန်းနေသူနှင့် မည်သို့မျှခြားနားတော့မည်မဟုတ်ချေ။ မန်လည်ဆရာတော်က -
“မရှိပညာ၊ ဤလူ့ရွာ၌
ကျမ်းစာနီတိ၊ တတ်မသိက
မျက်စိစုံကန်း၊ လူဖြစ်ဆန်းမျှ
ပေါက်ပန်းပမာ၊ မှတ်တို့ရာ၏” ဟု ရေးဖွဲ့ထားသည်။
စာဖတ်ခြင်းကြောင့် အောင်မြင်မှုနှင့် အကျိုးတရားကျေးဇူးများစွာရရှိနိုင်ပါသည်။ စာပေလိုက်စားသည့်အတွက် စာတိုငညိုဘဝမှ ‘ဝန်ဇင်းမင်းရာဇာ’ ဘွဲ့နှင့်အတူ အမတ်ကြီးအဖြစ် ခန့်အပ်ခံရသော သာဓကလည်း ရှိပါသည်။ ထို့အတူ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် စာပေဖတ်ရှုမှတ်သားပြုခဲ့သည့်အပြင်လူငယ်ဖြစ်သည့်အားလျော်စွာ ရဲစွမ်းသတ္တိနှင့်အတူလွတ်လပ်ရေးရအောင်ယူနိုင်ခဲ့သော သာဓကရှိသည့်အတွက် လူငယ်များ ငယ်စဉ်ကလေးဘဝမှစပြီး စာပေကို လေ့လာလိုက်စားသင့်ပါသည်။
နိုင်ငံတော်တာဝန် ပခုံးပြောင်းယူရမည့် မျိုးဆက်သစ်လူငယ်များ စာဖတ်ခြင်းသည် အရေးပါသောကဏ္ဍမှပါဝင်နေသည်။ ထို့ကြောင့် ဆရာကြီးပီမိုးနင်းက -
“စိတ်ကို အသိဉာဏ်က အုပ်စိုး၏။
အသိဉာဏ်ကို ဗဟုသုတက အုပ်စိုး၏။
ဗဟုသုတကို စာပေက အုပ်စိုး၏”ဟု မိန့်ဆိုခဲ့သည်။
သစ်ပင်တစ်ပင်ရှင်သန်ရန်အတွက် ရေသောက်မြစ်လိုအပ်ပါသည်။ ထို့အတူ လူငယ်ဟူသော သစ်ပင်အတွက် စာပေရေသောက်မြစ်သည် အဓိကလိုအပ်ချက်ဖြစ်သည်။ လူငယ်များ စာဖတ်ဝါသနာထက်သန်လာစေရန် ကျောင်းများ၊ ရပ်ကွက်များ၊ ကျေးရွာများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။ စာကြည့်တိုက်များသည် လူသားများအတွက် ဘဝတက္ကသိုလ်ကြီးနှင့်လည်း အလားသဏ္ဍာန်တူပေသည်။ ထို့ကြောင့် စာဖတ်ဝါသနာအစ စာကြည့်တိုက်ကဆိုလျှင်လည်း မှားမည်မထင်ပါ။
ယနေ့ ၂၁ ရာစုတွင် မြန်မာနိုင်ငံရှိ လူကြီး၊ လူရွယ်၊ လူငယ်များ ဦးòတ်ခေါင်းငုံ့သွားကြပြီ။ ဦးòတ်ခေါင်းငုံ့သွားကြပြီဆိုလို့ မြန်မာ့ယဉ်ကျေးမှုအရ လူကြီးသူမများတွေ့လို့ ဦးòတ်ခြင်းမဟုတ်ပါ။ တိုးတက်လာ သော အိုင်တီခေတ်နှင့်အညီ ဖုန်းကိုယ်စီအသုံးပြုပြီး အင်တာနက်ဖေ့(စ်)ဘွတ်မှာ ဦးòတ်ခေါင်းငုံ့ အလုပ်ရှုပ်နေကြခြင်းဖြစ်သည်။ အင်တာနက်ဖေ့(စ်)ဘွတ်သုံးတာ အပြစ်မပြောလိုပါ။ ဖေ့(စ်)ဘွတ်မှာပဲ အချိန်ကုန်နေကြ၍ အချို့မဂ္ဂဇင်း၊ ဂျာနယ်များ ဆက်လက်မရပ်တည်နိုင်လို့ ပိတ်လိုက်ရသလို စာအုပ်အငှားဆိုင်များလည်း ပျောက်ကွယ်သွားခဲ့ရပြီ။ ဒီဖြစ်ရပ်သည် စာပေနှင့်ပတ်သက်လို့ စိတ်မကောင်းစရာပင် ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရသော်....ခေတ်နှင့်အညီ သိပ္ပံနှင့် နည်းပညာများ အလျင်အမြန်တိုးတက်ပြောင်းလဲနေသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီး တိုးတက်ပြောင်းလဲမှု အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဖေ့(စ်)ဘွတ်သုံးသလို အမှား၊ အမှန်ဝေဖန်ပိုင်းခြားလုပ်ဆောင်နိုင်သည့် စိတ်ဓာတ်ရင့်ကျက်မှုရရှိဖို့ စာများများဖတ်ရန်လိုအပ်ပါသည်။ နိုင်ငံတော်က စာမတတ်သူပပျောက်ရေး ဆောင်ရွက်သလို စာမဖတ်သူ ပပျောက်ရေးကိုလည်း ဆောင်ရွက်ဖို့ အကြံပြုအပ်ပါသည်။ စာဖတ်ခြင်းသည် လိုအပ်သော အသိပညာကို များများနှင့်မြန်မြန် ရယူနိုင်သော ကိရိယာဖြစ်သည့်အတွက်သုတ၊ ရသစာပေဖတ်ကြဖို့ ရေးသားတိုက်တွန်းလိုက်ရပါသည်။ မြန်မာ့အလင်း