နေပြည်တော် ၂၂ မေ

 

 

သင်ရိုးသစ် ဒသမတန်း (Grade-10) ဘဝတွက်တာကျွမ်းကျင်စရာ (Life Skills) ဘာသာရပ်တွင်ပါဝင်သည့် ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာနှင့် မျိုးဆက်ပွားကျန်းမာရေး (Reproductive Health) နှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာတို့နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ()နာရီတွင် နေပြည်တော်ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

 

 

သတင်းစာရှင်းလင်းပွဲတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘဝတွက်တာကျွမ်းကျင်စရာ သင်ရိုးသစ်စာအုပ်တွင် ဆရာကိုင်စာအုပ်နှင့် ကျောင်းသားကိုင်စာအုပ်ဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ဘာသာရပ်နှင့်ပတ်သက်၍ သင်ယူမှု ဧရိယာလေးခု၊ အခန်းကြီး()ခန်းရှိပါကြောင်း၊ အခန်း()သည် ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာဖြစ်ပြီး အခန်း()သည် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ် ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာ ဖြစ်ပါကြောင်း၊ အဆိုပါသင်ခန်းစာများတွင် ဖြစ်ရပ်အချို့ထည့်သွင်းထားပါကြောင်း၊ ထိုဖြစ်ရပ်များကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ၊ ဘာသာရေးအရတားမြစ်ချက်များ၊ လူမှုရေးစံနှုန်းများအရ သင်ကြားပေးရန် မသင့်သည့်အကြံပြုချက်များနှင့် ကန့်ကွက်ချက်များ၊ လူမှုကွန်ရက်စာမျက်နှာများတွင် ပြစ်တင်ဝေဖန်မှုများ ရေးသားဖော်ပြလျက်ရှိနေကြပါကြောင်း။

 

 

ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ကို ၁၉၉၈ မတိုင်မီက SHAPE ပရိုဂရမ်ဖြင့် အခြေခံပညာတွင် စတင်သင်ကြားခဲ့ပါကြောင်း၊ ၁၉၉၈ နောက်ပိုင်းတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ သင်ရိုးညွှန်းတမ်းများကို ပြုပြင်လိုက်သည့်အတွက် တွဲဘက်သင်ရိုးဝင်ဘာသာရပ်အနေဖြင့် ၂၀၁၆ ခုနှစ်ထိ သင်ကြားခဲ့ပါကြောင်း၊ ယခုနှစ်သင်ရိုးသစ်တွင် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ကို သင်ကြားနိုင်ရန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်ရိုးနှင့်ပတ်သက်၍ သင်ရိုးညွှန်းတမ်းဗဟိုအဖွဲ့၊ ဘာသာရပ်သင်ရိုး ညွှန်းတမ်းကော်မတီ၊ ပြည်တွင်းအကြံပေးပညာရှင်များ၊ နိုင်ငံတကာအကြံပေးပညာရှင်များ၊ အခြေခံပညာ ဆရာ၊ ဆရာမများ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၏ အတည်ပြုချက်ဖြင့် သင်ရိုးစာအုပ်များကို ရိုက်နှိပ်ခဲ့ပါကြောင်း၊ ကျွမ်းကျင်မှုကိုအခြေပြုသည့် သင်ရိုးဖြစ်သည့်အတွက် ဖြစ်ရပ်များကို ဖော်ပြပေးရပါကြောင်း၊ ဝေဖန်သုံးသပ်ကြသည့်အခါ ဆရာကိုင်နှင့် ကျောင်းသားကိုင် စာအုပ်များကို ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြုပြင်ဆောင်ရွက်စရာရှိသည်များကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

 

ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက မြန်မာနိုင်ငံတွင် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ကို ၁၉၉၈ ခုနှစ် ပညာရေးမြှင့်တင်မှုအစီအစဉ်အရ အခြေခံပညာအဆင့်မှ စတင်ထည့်သွင်းသင်ကြားခဲ့ပါကြောင်း၊ သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ လူတိုင်းအတွက် ပညာရေးကို အကောင်အထည်ဖော်ရာတွင် အသက်အရွယ်အလိုက် လူမှုဘဝတွင် လိုက်လျောညီထွေနေထိုင်တတ်စေမည့် အခြေခံကျွမ်းကျင်မှုများကို သင်ကြားလေ့ကျင့် ပေးသွားနိုင်ရန်ဖြစ်ပါကြောင်း၊ ၂၀၀၃ - ၂၀၀၄  ခုနှစ်တွင် UNICEF ၏ နည်းပညာအကူအညီဖြင့် ပြန်လည်ပြုစု၍ တွဲဖက်သင်ရိုးဝင်ဘာသာရပ်အဖြစ် သင်ကြားခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ ယခုသင်ရိုးသစ်များအတွက် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဆက်စပ်ဦးစီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများပါဝင်ကြပါကြောင်း၊ ယခင်က UNICEF အကူအညီဖြင့် ထုတ်ဝေခဲ့သည့် ဘ၀တွက်တာ ကျွမ်းကျင်စရာစာအုပ်များပါ အချက်အလက်များကိုအခြေခံ၍ သင်ကြားသင်ယူမှုမျှော်မှန်းချက်များ၊ ရလဒ်များနှင့်ကိုက်ညီအောင် သင်ခန်းစာများကို တည်းဖြတ်ပြင်ဆင် ပြုစုခဲ့ပါကြောင်း။

 

 

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် သက်ငယ်အမှုဖြစ်ပွားမှုသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ၉၂၄ မှု ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါကြောင်း၊

 

 

နည်းပညာခေတ်တွင် သတင်းအချက်အလက်များနှင့် အဖြစ်အပျက်များကို လူတိုင်း အလွယ်တကူ လက်လှမ်းတစ်မီဖြစ်လာသည့်အတွက် သတင်းအချက်အလက် နည်းပညာနှင့် လူမှုကွန်ရက်များ၏ အကျိုးဆက်အဖြစ် ကျောင်းသားကျောင်းသူများ ငယ်ရွယ်နုနယ်သည့် အချိန်တွင် လက်ကိုင်ဖုန်း၊ ကွန်ပျူတာ စသည်တို့ဖြင့် မမြင်သင့်၊ မကြား သင့်သည်များကို မြင်နိုင်ကြားနိုင်ရန် နီးစပ်မှုရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ခေတ်မီတိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာများကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အမှားအမှန် ခွဲခြားသင်ယူတတ်စေရေးအတွက် လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များကို ပြုစုရာတွင် အဓိကအားဖြင့် ကောင်းမွန်အကျိုးရှိသည်များကို သင်ယူစေပြီး ကျောင်းသားကျောင်းသူများ၏ ဘဝကာကွယ်ပေးရန်နှင့် လူမှုဘ၀မြှင့်တင်စေလိုသောကြောင့် ယခင်သင်ခန်းစာများကို အတတ်နိုင်ဆုံး တည်းဖြတ်ခြင်း၊ ၂၁ ရာစုကျွမ်းကျင်မှုများရရှိ လာစေရန်ပြင်ဆင်ခြင်း၊ မြန်မာယဉ်ကျေးမှုနှင့် လိုက်လျော ညီထွေဖြစ်စေရန် တည်းဖြတ်ပြင်ဆင်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပိုမိုအကျိုးရှိ ထိရောက်စေရေးအတွက် ပြည်သူများ၏ အသံကိုနားထောင်၍ ပြန်လည်သုံးသပ်စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်ရိုးသစ် ဒသမတန်း(Grade-10)ဘဝတွက်တာ ကျွမ်းကျင်စရာ(Life Skills) ဘာသာရပ်တွင် ပါဝင်သည့် ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာနှင့် မျိုးဆက်ပွား ကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာများနှင့်ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများကိုကြားသိရပါကြောင်း၊ ပြည်သူ့အသံပြည်သူ့သဘောထားများကို အလေးထားနားထောင်လျက်ရှိပါကြောင်း၊ အဆိုပါ သင်ခန်းစာများတွင်ပါရှိသည့် အသုံးအနှုန်းများကို မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီတို့နှင့် ညှိနှိုင်း၍ ပြန်လည်သုံးသပ်စိစစ်ကာ ပြင်ဆင်နိုင်ရန်စီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။

 

 

ထို့နောက် သတင်းမီဒီယာများ သိရှိလိုသည့်မေးမြန်းချက်များကို အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဝင် ဦးတင်လှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဒေါက်တာတင်မောင်ဝင်း၊ ဒေါက်တာဇော်လတ်ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

 

သတင်းစဉ်