ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားအရေလေးကို ကြင်နာပါ

 

အသားလေးဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။  မဖြူရင်တောင် အသားအရေ လေးက လှလိုက်တာ ညိုပေမယ့် စိုနေတာပဲ ဆိုတဲ့စကားမျိုး ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။

 

အသားအရေကို ဂရုစိုက်ပါ

 

အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောရတာက အသားအရေလှပြီး အလှတိုးစေဖို့ပဲ မဟုတ်ပါဘူး။ အရေပြားက ခန္ဓာကိုယ်ကို အပူချိန် ထိန်းညှိပေးတာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ  ဝင်ရောက် မလာအောင် တားဆီးပေးတာကအဆုံး အကုန်လုံးကို လုပ်ပေးနေလို့ပါ။ ဒီတော့ အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောနေရတာပေါ့။ ခန္ဓာကိုယ်ရဲ့ ခံတပ်ကို ကျန်းမာတောင့်တင်းအောင် စောင့်ရှောက်ဖို့ လိုတယ်လေ။

 

အသားအရေကို ပျက်စီးစေနိုင်တဲ့ အလေ့အထတွေ လုပ်မိနေသလား

 

အသားအရေကို ထိခိုက်စေနိုင်တဲ့ အရာတွေက ဒုနဲ့ဒေးပါ။ နေ့စဉ် ထိတွေ့နေရတဲ့ ဖုန်မှုန့်တွေ၊ အခိုးအငွေ့တွေ၊ အညစ်အကြေးတွေကစလို့ စားသုံးမိတဲ့ အစားအသောက်နဲ့ အသုံးပြုမိတဲ့ အလှကုန်တွေ စုံလို့ပေါ့။ အသားအရေကို ပျက်စီးစေတဲ့ တော်တော်များများ လုပ်မိနေတဲ့ အရာတွေက ဘာတွေလဲ … ကိုယ်လုပ်မိတာတွေများပါနေမလား ကြည့်ကြည့်ရအောင်နော်..။

 

ရေသောက်နည်းတာ

 

အသားအရေရော ကိုယ်ခံအားပါ ကောင်းစေဖို့အတွက် ရေများများ သောက်ဖို့ လိုပါမယ်။ ရေသောက်နည်းတာက အသားအရေကို ခြောက်သွေ့စေပြီး ထိခိုက်လွယ်စေပါတယ်။

 

ဆေးလိပ်သောက်တာ

 

ဆေးလိပ်သောက်တာကြောင့် အဆုတ်ပဲ ထိခိုက်မယ် မထင်လိုက်ပါနဲ့။ အသားအရေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ ဆေးလိပ်သောက်ရင် အရွယ်မတိုင်ခင် အိုမင်းတာ အရေးအကြောင်းတွေ ဖြစ်တာ၊ အသားရောင် ညစ်တာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

 

မိတ်ကပ် မဖျက်ဘဲ အိပ်ရာဝင်တာ

 

တစ်နေ့တာမှာ လူတိုင်းငေးအောင် ပြင်ဆင်ထားတဲ့ မိတ်ကပ်တွေကို ညမအိပ်ခင်မှာ ဖျက်ပေးရပါမယ်။ မိတ်ကပ်တွေနဲ့ အိပ်ရာဝင်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပျက်စီး စေနိုင်ပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာမဝင်ခင်မှာ မိတ်ကပ်ဖျက်ပါ။

 

အသားအရေကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာ

 

အသားအရေကို ကြည်ချင်တယ် ဖြူချင်တယ်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက် သန့်စင်တတ်ကြပါတယ်။ တကယ်ကတော့ ဒါက သန့်စင်စေဖို့ထက် အသားအရေကို ထိခိုက်စေဖို့ ပိုပါတယ်။ ဒီတော့ အသားအရေကို သန့်စင်မယ်ဆိုရင် လက်ချောင်းထိပ်လေးတွေကို သုံးပြီး ခပ်ဖွဖွ သန့်စင်ပေးပါ။

 

 အချိုတွေ အများကြီး စားတာ

 

အချိုတွေ အများကြီး စားတာက ဝက်ခြံကို ပိုဆိုးစေတဲ့အပြင် တခြားသော အရေပြားပြဿနာ အမျိုးမျိုးကို ခံစားရစေနိုင်ပါတယ်။

 

ဝက်ခြံတွေကို ညှစ်တာ

 

ဝက်ခြံတွေ မြင်ရင် ညှစ်ပစ်ချင်တာ သဘာဝပါ။ ဒါပေမယ့် ဝက်ခြံကို ညှစ်လိုက်တဲ့အခါ ပိုးဝင်သွားပြီး မျက်နှာပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့ပါတော့တယ်။

 

ဆဲလ်သေတွေ မဖယ်ရှားတာ

 

အရေပြားကျန်းမာစေဖို့ဆိုရင် ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားရပါမယ်။ တစ်ပတ် တစ်ကြိမ် ဒါမှမဟုတ်  တစ်ပတ်ကို ၂ ကြိမ်ပေါ့။ ဒီလိုမှ မသန့်စင်ဘူးဆိုရင် ဆဲလ်သေတွေ စုပုံလာပြီး အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

 

အခုပြောပြခဲ့တာတွေက ရှောင်ရှားလို့ ရသလို ကိုယ်တိုင် လိုက်နာ ဆင်ခြင်လို့ရပေမယ့် တဆင့်ခံ ဆေးလိပ်ငွေ့နဲ့ မီးခိုးငွေ့တွေ

 

ဆေးလိပ်သောက်တာကတင် အသားအရေကို ပျက်စီးစေတာ မဟုတ်ပါဘူး။ တဆင့်ခံဆေးလိပ်ငွေ့တွေ၊ ကားအိတ်ဇောက ထွက်တဲ့ အခိုးအငွေ့တွေကလည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

 

လေထုညစ်ညမ်းမှု

 

တိုးတက်လာတဲ့ စက်မှုခေတ်မှာ လေထု ညစ်ညမ်းမှုက ရှောင်လွှဲဖို့ ခက်ပါတယ်။ ကားအိတ်ဇောငွေ့တွေ၊ စက်ရုံ အလုပ်ရုံတွေက စွန့်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေကြောင့် အသားအရေ ပျက်စီးနိုင်ပါတယ်။

 

ခရမ်းလွန်ရောင်ခြည်

 

ခရမ်းလွန်ရောင်ခြည်က အသားအရေကို ပျက်စီးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ နေရောင်အောက်ထွက်မှရယ် မဟုတ်ဘဲ နေရောင်ဝင်နိုင်တဲ့ နေရာတိုင်းမှာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မိနိုင်ပါတယ်။

 

အသားအရေလေး ကျန်းမာစေဖို့ လိုက်နာ သင့်တဲ့ အလေ့အထများ

 

အသားအရေလေး ကျန်းမာလှပစေဖို့ ဒီအချက်လေးတွေကို လိုက်နာ လုပ်ဆောင်ပေးလို့ ရပါတယ်။

•           ရေများများ သောက်ပါ။

•           ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ ချွေးနဲ့ အညစ်အကြေးတွေ ထွက်သွားလို့ အသားအရေကို ကြည်စေပါတယ်။

•           အရေပြားထိခိုက်မှု တစ်ခုခုဖြစ်ရင် သက်သာစေဖို့ ဗီတာမင် C ပါတဲ့ ခရင်မ်တစ်ခုခု လိမ်းပေးပါ။

•           နေလောင်ကာခရင်မ် လိမ်းပါ။

•           အစိုဓာတ်ထိန်းခရင်မ် မမေ့ပါနဲ့။

•           အရေပြားကို မကုတ်ဖဲ့ပါနဲ့။

•           ဝက်ခြံတွေကို မညှစ်ပါနဲ့။

•           အိပ်ရာမဝင်ခင် မျက်နှာကို သေချာ သန့်စင်ပါ။

•           ဆဲလ်သေတွေ ပုံမှန် ဖယ်ရှားပါ။

•           အသီးအနှံ များများစားပါ။

•           ဆေးလိပ် မသောက်ပါနဲ့။ ဖြစ်နိုင်ရင် ဖြတ်ပါ။

•           အသားအရေ ထိန်းသိမ်းမှုပုံမှန် လုပ်ပြီး အသားအရေကို အာဟာရ ဖြည့်ပါ။

 

ဒီအချက်လေးတွေကို သေချာလိုက်နာလုပ်ဆောင်မယ်ဆိုရင် စိတ်ကူးလေးထဲကအတိုင်း ကြည်လင်ပြီးကျန်းမာဖြူဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon