နေပြည်တော် အောက်တိုဘာ ၁၀
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr.Vladimir Sukolinsky ဦးဆောင် သည့် အဖွဲ့ဝင်လေးဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ကြည်ညိုလေ့လာကြသည်။
ဦးစွာ ဖျော်ဖြေရေးအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုကြပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့်ဆီမီး ကပ်လှူပူဇော်ကြသည်။ ထို့နောက် ကျောက်စိမ်းဘုရားအား ဖူးမြော်ပြီး ဗုဒ္ဓဝင်ပြတိုက်အတွင်း ပြသထားရှိမှုအား စိတ်ပါဝင်စားစွာ အသေးစိတ်ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် အောင်မြေတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ပြီး မွေးနံထောင့်တွင် ရေသပ္ပာယ်ကြသည်။ ဆက်လက်၍ သာယာဝတီမင်း ခေါင်းလောင်းတော်အား ကြည့်ရှုလေ့လာကြပြီး အမှတ်တရပစ္စည်းအရောင်းဆိုင်တွင် အမှတ်တရ ပစ္စည်းများ ဝယ်ယူအားပေးကြသည်။
ညနေပိုင်းတွင် ဘယ်လာရုစ်တေးဂီတအဖွဲ့၏ တတိယမြောက် ချစ်ကြည်ရေးတေးဂီတဖျော်ဖြေပွဲကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ RC Hall တွင် ကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်မေစန်းရီ၊ ရုရှား- မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ ရုရှားသံရုံးမှ တာဝန်ရှိသူ များ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားတွင် မြန်မာ - ရုရှားချစ်ကြည်ရေး အသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovsky က မိတ်ဆက် စကားပြောကြားသည်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံမှ တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr.Vladimir Sukolinsky ဦးဆောင်၍ အဆိုရှင်များဖြစ်ကြသည့် Ms.Nadezhda Bryleva နှင့် Ms.Anzhelika Zaitseva တို့က ရုရှားနှင့် ဘယ်လာရုစ်တို့၏ ရိုးရာမေတ္တာအကြောင်း ဖွဲ့ဆိုထားသည့်တေးသီချင်း၊ ဘယ်လာရုစ်နှင့် မြန်မာ (၂၅) နှစ် ပြည့် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ရေးဖွဲ့ထား သည့် တေးသီချင်း၊ သမိုင်းဝင်ပုဂံမြို့အကြောင်း ရေးဖွဲ့ထားသည့် တေးသီချင်း၊ ဘယ်လာရုစ် ရိုးရာ/ ကာလပေါ်တေးသီချင်းများအပါအဝင် စုစုပေါင်း တေးသီချင်း ၁၇ ပုဒ်သီဆိုဖျော်ဖြေခဲ့ကြသည်။
ဖျော်ဖြေပွဲအပြီးတွင် နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါ်မေစန်းရီက ကျေးဇူး တင်စကား ပြောကြားပြီး ဘယ်လာရုစ်အနုပညာရှင်များအား ဂုဏ်ပြုလက်ဆောင်ခြင်း ပေးအပ်သည်။
အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး ယင်းနေ့ညပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌လည်းကောင်း၊ အောက်တိုဘာ ၆ ရက်ညပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံဖျော်ဖြေပွဲကို ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


