မင်းကိုနိုင်

 

ရေနံမြေလုပ်သားမိသားတစ်စု၏ ညမြင်ကွင်း။

ကလေးစာကျက်ချိန်ရောက်ပြီ၊ ထွန်းစရာရေနံဆီမရှိ၊ ဝယ်စရာအသပြာ နတ္ထိ။ တန်းလျားတစ်ခုတည်းအတူနေသူ တစ်ဖက်ခန်း မှ ရေနံဆီချေးငှားကြည့်သည်။ တို့လည်း တစ်စက်မှမရှိလို့ မှောင်ထဲငုတ်တုတ်နေရတာသာ ကြည့်ပေတော့ဟု အဖြေပေး၏။

စိတ်ပျက်သွားရှာသည့် ကလေးအား ဖခင်က နှစ်သိမ့်သည်။ မိမိကိုယ်တိုင် ရေနံမြေလုပ်သားပေမို့ ဘီအိုစီရုံးဝင်းထဲ မီးထိန်ထိန်ထွန်းထားတာ ကလေးစာကြည့်ဖို့ ခွင့်ပန်ပေးမယ်ဆိုကာ ခေါ်သွားသည်။ မရခဲ့။ လုံခြုံရေး အကြောင်းပြ ငြင်းပယ်လွှတ်သဖြင့် သားအဖတွေ ခပ်ကုပ်ကုပ်ပြန်လာကြရပုံ။

ဒါက ၁၉၇၀ တစ်ဝိုက်က ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်ဟောင်းထဲက ကျွန်တော်တို့ စွဲလမ်းခဲ့ရသည့် စာမျက်နှာတချို့ ဖြစ်ပါသည်။ အကြောင်းအရာက သမိုင်းမှာထင်ရှားသည့် အရေးတော်ပုံတစ်ခုအကြောင်း။ နောက်ခံကားချပ်က ကိုလိုနီနယ်ချဲ့ လက်အောက်ခေတ်သမိုင်း။ ရေးသားပြုစုပုံကလည်း ကလေးတွေဖတ်လျှင် ငြီးငွေ့ဖွယ်မဖြစ်စေရ။ ဇာတ်ကွက်၊ ဇာတ်ကောင် တွေနေရာချ၊ ရက်ဖောက်ထားလျက်၊ ဖတ်ရင်းက သိချင်ဇောနှင့် မျောပါခဲ့ရစမြဲ။ ထိုအထဲမှ ရေနံမြေလုပ်သား တစ်ဦး၏ စကားက နှစ်ပေါင်းများစွာကြာသည့်တိုင် မမေ့နိုင်စရာ။

“တို့ဘဝတွေကလည်း ဖောင်စီးရင်း ရေငတ်သလိုပါပဲ”...တဲ့။

XX  XX  XX  XX   XX

ဇာတ်လမ်းက သည်မျှဖြစ်ပေမယ့် သမိုင်းက ဒီမျှနှင့် ဆုံးသည်မဟုတ်၊ နောက်စာမျက်နှာတွေမှာ ၁၃၀ဝ ပြည့် အရေးတော်ပုံ အကြောင်း သင်ရတော့ ခုနက သမိုင်းဇာတ်ကွက်တွေက ကြီးစွာသော အထောက်အကူပြုနေတာ တွေ့ရသည်။

ရေနံမြေသပိတ် ဘာကြောင့်ဖြစ်ဆိုတာ သင်သည်နှင့် ဘယ်အဖွဲ့အစည်းက ဘယ်သူတွေတောင်းဆို၊ ဘယ်သူတွေ သပိတ်မှောက်ဆိုတာ မလေ့လာရခင် ဒီရေနံမြေက လုပ်သားတွေ၊ မိသားစုတွေရဲ့ ဘဝတွေကို အရင်ဖတ်ပြီး၊ သိပြီးနှင့်ပြီမို့ နားမလည်ဖူးဆိုတာ မရှိတော့ပါ။ ရင်းနှီးယဉ်ပါးပြီးသားသူတွေ၏ ရုန်းကန်ရသည့် မြင်ကွင်းတွေကို ဘေးကအတူ လိုက်ပါခံစားနားလည်ရ လွယ်ခဲ့ပါ၏။

အဓိကကတော့ သမိုင်းမှတ်တမ်းထဲ ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ စည်းရုံဦးဆောင် တာဝန်ယူမှုများလောက်သာ မှတ်သား နေရခြင်းမျိုးမဟုတ်။ ခေတ်တစ်ခု၏ ပဓာနအကျဆုံးဖြစ်သည့် အညတရ ပြည်သူများ၏ ဘဝနှင့် ရုန်းကန်ရပုံများကို သိခွင့်ရ၏။ ထိုသမိုင်းကို ချဉ်းကပ်လေ့လာရာ ကြီးစွာသော အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။

သည်လိုနှင့် ရေနံမြေသပိတ်က ကြီးထွားလာပြီ။ သခင်ခေါင်းဆောင်တွေနှင့် အတိအလင်းပေါင်းဖို့ ရန်ကုန်ရှိ ကျောင်းသား ခေါင်းဆောင်တွေ မကွေးကိုရောက်ပြီ။ မြင်းစီးပုလိပ်တွေနှင့် ခြိမ်းခြောက်ဟန့်တားနေသည့်ကြားက သမိုင်းဝင်မိန့်ခွန်း။

မကွေးထောင်အုတ်ရိုးကို လှုပ်နှိုးသွားသည့် သွေးမကြောင် သူတို့သမိုင်း။
ကျွန်တော်တို့သင်ခဲ့ရ၊ သိခွင့်ရခဲ့ရ၊ ဆင်ခြင် တွေးခွင့်ရခဲ့ပါသည်။

XX  XX  XX  XX   XX

၁၃၀ဝ ပြည့်အရေးတော်ပုံ နှစ်ငါးဆယ်ပြည့်ချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်လာသည်။ မြေပြန့်သာမက၊ တောင်ပေါ်မကျန်၊ ကမ်းရိုးတန်းဒေသတွေပါ ဆင်နွှဲသည့် လူထုအရေးတော်ပုံ ဖြစ်လာသည်။

၁၃၀ဝ ပြည့်အရေးတော်ပုံသင်ရစဉ်က သပိတ်ချီရာ လမ်းတစ်လျှောက်မြို့ရွာများ၊ သထုံ၊ ပဲခူး၊ သာယာဝတီ စသဖြင့် ဒေသအလိုက် ချီတက်လာသည့် လူလှိုင်းလုံးများကို မြင်ယောင်ခဲ့သလို ရှစ်လေးလုံးကာလ ပြည်လုံးကျွတ်လမ်းတွေပေါ် လူပင်လယ်ဖြစ်ခဲ့သည်ကို မျက်ဝါးထင်ထင် မီလိုက်သူတိုင်း မြင်ဖူးကြပါ၏။

ရှစ်လေးလုံးက အခွင့်ထူးခံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုကိုငြင်းဆန်သည်။ တစ်ပါတီအာဏာရှင်စနစ်ကို အပြီးအပိုင်ဖျက်သိမ်း၍ ဒီမိုကရေစီစနစ်ကို ထူထောင်လိုကြောင်း ပြသည်။ ယနေ့ ပန်းတိုင်မရောက်သေးသော်လည်း အခွင့်အလမ်း အခြေအနေ များစွာရလာပြီ။ သည်အခွင့်အလမ်းတွေကို အသုံးပြုလျက် အခွင့်အလမ်းသစ်များ ဖန်တီးလျက်ချီနေဆဲ။

သမိုင်းသစ်ရေးမည့် မျိုးဆက်တွေအတွက် သမိုင်းကို ဘယ်လိုလေ့လာ ခွင့်ရသင့်သလဲဆိုတာ တွေးဖူးကြမည်ထင်ပါသည်။ သမိုင်းဆိုတာ နိုင်သူစိတ်ကြိုက်ရေးလို့လည်း ရရိုးမဟုတ်ကြောင်း သမိုင်းများစွာက သက်သေပြပြီးပါပြီ။

ကျောင်းခန်းများထဲ ပုံနှိပ်ထည့်ပေးရုံ လုံလောက်ပြီဟုလည်း မဆိုနိုင်ပါ။ သမိုင်းကြောင်းတစ်ခုကို ချဉ်းကပ်လေ့လာ သူတွေအတွက် ထိုခေတ်ဟောင်းကို မီလိုက်သူတွေထံမှ အသံများစွာ၊ အရုပ်များစွာ၊ အာဘော်ပေါင်းစုံ၊ ရှုထောင့် အမြင်ပေါင်းစုံ နားထောင်မှတ်တမ်း ယူခွင့်ရှိရပါမည်။

သုတေသနနည်းလမ်းကျ သမိုင်းပြုစုမည့် စာသင်ခန်းတွေကိုတော့မျှော်လင့်တောင့်တမိပါသည်။

ထင်ရှားသူတွေထံမှ အာဘော်ကြားဖူးရုံဖြင့် အသိစိတ်လမ်းမဆုံးသော သမိုင်းသင်ယူမှု။

အညတရပြည်သူများ၏ လူမှုဘဝခံစားချက်များ၊ ရယ်သံ၊ ငိုသံ၊ တက်ခေါက်သံများကို ကြားခွင့်ရှိသည့် သမိုင်းသင်ယူမှု။

ခေတ်သမိုင်းတစ်ခု ဘာကြောင့်ဘယ်လိုချိုးကွေ့၊ ပြောင်းလဲခဲ့ကြတာလဲဆိုတာ စာသင်သားတို့ မေးခွင့်၊ ကြားခွင့်၊ ဆင်ခြင်ခွင့် ရသင့်ပါသည်။

ကိုလိုနီနယ်ချဲ့ကို တွန်းလှန်ခဲ့သည့် ပြည်သူများ၏ ၁၃၀ဝ ပြည့် အရေးတော်ပုံအကြောင်းကို သမိုင်းဘာသာရပ်၌ ထိုအရေးတော်ပုံ အပြီး နှစ် ၃၀ အတွင်း(ထိုထက်စော၍ပင်) သင်ကြားနိုင်ခဲ့သေးသည်။

တစ်ပါတီအာဏာရှင်ခေတ်၌ အတိုက်အခံလည်းမရှိ၊ ထိုအချိန်အာဏာရပါတီမှလွဲ၍ ဘာအဖွဲ့အစည်းမှ နိုင်ငံရေးနောက်ခံ ရပ်တည်ခွင့်မရသည့် အခြေအနေမျိုးမှာ ပြည်သူလူထုက ဘယ်လိုအင်အားယူ တွန်းလှန်ခဲ့ရပါလိမ့်ဟု မျိုးဆက်သစ်တို့ တွေးစရာ သမိုင်းဘာသာရပ်မှာ ဘယ်အချိန်ပါမှာ ပါလိမ့်။ ရှစ်လေးလုံးအရေးတော်ပုံကို ခေါင်းစဉ်နှင့် အခြေခံအချက် အလက်ပေး၍ လွတ်လပ်စွာ လေ့လာစေမည့် သင်ခန်းစာအဖြစ် ဘယ်ကာလမှာ ကြောင်းကျိုးဆင်ခြင်သုံးသပ်ခွင့် ရကြမှာလိမ့်။

ရှစ်လေးလုံးအရေးတော်ပုံကဖြင့် အနှစ်သုံးဆယ်စွန်းခဲ့ပြီ။