မိုးမြင့်

 

တိုင်းပြည်မှာ အကျပ်အတည်းပေါင်းစုံရဲ့ အကြောင်းတရား၊ ရှိရှိသမျှ များစွာသော အကြောင်းတရားများစွာမှာ အလျင်အမြန်ဖြေရှင်းပေးရမယ့် သော့ချက်အကျဆုံးပြဿနာက ပြည်တွင်းတည်ငြိမ်ရေးမှလွဲပြီး အခြားမရှိပါ။ နိုင်ငံမှာ စစ်ကြောင့် ပျက်စီးမှုတွေ၊ ရေကြည်ရာမြက်နုရာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတွေ၊  သေကွဲရှင်ကွဲ ခွဲကြရတဲ့ အရွယ်မမြောက်လူမမည်တွေနဲ့ နေရာအနှံ့ ဆိုးသွမ်းစရိုက်တွေ၊  ဆုံးရှုံးသွားရတဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊  စိုးရိမ်သောကတွေ၊  တစ်သက်လုံးစုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရတဲ့အတွက် အနာဂတ်မဲ့သွားသူတွေ၊  အဖျက်အင်အားစုတွေကြား သားကောင်ဖြစ်ရသူတွေ။ 

 

ဒီတိုင်းပြည်က ပြဿနာအားလုံး သူတို့မှာ တာဝန်မရှိပါဘဲ အပြစ်မဲ့ ခံစားနေရတယ်။ ဒီမိုကရေစီ ဗန်းပြပြီး  ဒီမိုကရေစီကို  ဖျက်ဆီးနေသူ၊  ဖက်ဒရယ် စကားပြောပြီး    တိုင်းရင်းသားအချင်းချင်းကြား ခွဲခြားနှိပ်ကွပ်နေသူ၊   အာဏာရှင်ကို တိုက်ဖျက်နေကြောင်း အသံကောင်းဟစ်ပြီး ကိုယ်တိုင်အာဏာရှင်၊ စစ်ဘုရင်ဖြစ်နေသူ လက်နက်ကိုင်အဖျက်သမား အားလုံးဟာ  မျက်မှောက်ဖြစ်စဉ်အားလုံးရဲ့ တာဝန် အရှိဆုံးသူတွေပါပဲ။

 

တည်ငြိမ်အေးချမ်းမှုကသာ အဓိက

 

ပျော်ပျော်နေတတ်တဲ့ မြန်မာလူမျိုးတွေဟာ ဒီတိုင်းပြည်ကြီး တည်ငြိမ်မှုရှိမှသာ အရာအားလုံး အဆင်ပြေ နိုင်မယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ မိမိရပ်ထဲရွာထဲ ခိုးဆိုးလုနှိုက်လည်း ကြောက်ရ၊ အကြမ်းဖက်လည်း ကြောက်ရတဲ့ဘဝ၊ ချမ်းသာချင်တာတောင် လတ်တလော မချမ်းသာရင်နေပါစေ၊ ပြည်သူတွေ ဒီအချိန်မှာ အလိုချင်ဆုံးက တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှုပါပဲ။ တရားဥပဒေကြီးစိုးမိုး ပေးဖို့အရေးကလွဲပြီး ကျန်တာဘာကိုမှမလိုချင်ပါ။ တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနိုင်မယ့် ထွက်ပေါက်ကို မြန်မြန်မြင်လိုကြပါပြီ။

 

ကုန်စျေးနှုန်းတွေ တည်ငြိမ်စေချင်ကြတယ်။ လူငယ်တွေက သူတို့အနာဂတ်လှချင်ကြတယ်။ ဒီလို လတ်တလော လိုအပ်ချက်တွေကို ယနေ့မြန်မာပြည်တွင်းက လက်နက်ကိုင် ရောင်စုံအဖျက်သမားဆိုသူတွေက တချို့နေရာတွေမှာ အရှက်မရှိဝါဒဖြန့် လုပ်ပြကိုင်ပြနေတာတွေ့နေရတာ အလွန်ပဲအော့နှလုံးနာမိရဲ့။ ပြည်သူပိုင်လမ်းတံတားတွေ စိတ်ရှိတိုင်းဗုံးခွဲဖျက်ဆီး၊ ချိုးဖျက်ပျက်စီးသွားမှ ပြန်ပြီးလမ်းတံတားတွေ ဆောက်ပြတယ်။ ဒါတွေကို နဂိုကတည်းက နိုင်ငံတော်အစိုးရအဆက်ဆက်က ပြည်သူပိုင်ဘတ်ဂျက်နဲ့ ပြည်သူ့အတွက် တည်ဆောက်ပေးထားတာဆိုတာ ထမင်းစားသူတိုင်းသိတယ်။ နယ်မြေကို လက်နက်နဲ့ အဓမ္မရယူ သိမ်းပိုက်ပြီး သူခိုးဓားပြဆန်ဆန် သူများပိုင်အိမ်ရာ ပစ္စည်းဖောက်ထွင်းခိုးယူ၊ ဘာမှမကျန် ခိုးဝှက် လုယက်ယူကြပြီးမှ ပြည်သူတွေ အစာရေစာ ပြတ်လပ်ချိန် ကျီးလန့်စာစားဘဝနဲ့ အချိန်ကိုက်ပြီး ပြည်သူအတွက် ခေတ်အဆက်ဆက် သိုလှောင် ထားတဲ့ စားရေရိက္ခာတွေကို အခမဲ့ဝေငှနေပုံတွေဟာ အင်မတန်ရိုးစင်းလွန်းတဲ့ ဝါဒဖြန့်နည်းတွေလို့သာ မှတ်လိုက်မိပါတယ်။ ယနေ့ပြည်သူတွေက ငတုံးငအတွေ မဟုတ်ကြတဲ့အတွက် အလွန်တရာ အောက်တန်းကျ၊ စုတ်ပဲ့လွန်းတဲ့လက်နက်ကိုင်တွေရဲ့ အလိမ်အညာတွေကို ယုံကြည်သူ နည်းသထက် နည်းလာကြပါပြီ။

 

အစိုးရအဆက်ဆက် ဆောက်ပေးခဲ့တဲ့ ဆေးရုံတွေ၊ ဖြည့်ပေးခဲ့တဲ့ဆေးကိရိယာတွေကို သိမ်းပိုက်လုယူပြီးမှ ပြည်သူကို အခမဲ့ဆေးကုပေးတဲ့ ပုံစံလည်း ထို့အတူပါပဲ။ ရှက်စရာကောင်းမှန်းမသိ၊ အရူးက တစ်မူးသာတဲ့ လုပ်ဇာတ်ပဲ။ စေတနာမပါဘဲ စျေးရောင်းပေးရုံ၊ ဆေးကုပေးရုံ၊ လျှပ်စစ်မီးပေးနိုင် ရုံလောက်နဲ့ ဝါဒဖြန့်လို့ မရဘူးဆိုတာ သိဖို့လိုတယ်။ လက်နက်ကိုင်ပြီး နယ်မြေလုယူတဲ့သူပုန်၊ လူသတ် တဲ့ သူပုန်မှန်သမျှ ဘယ်သူမှ အားမပေးလိုဘူး၊ စက်ဆုပ်ရွံရှာကြတယ်။

 

 ပြည်သူထဲမှာမနေ၊ နိုင်ငံခြားထွက်ပြေး၊ ခွက်ခေါက်လိမ်စား၊ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေး၊ လူမျိုးရေး ဘာခံယူချက်မှမရှိတဲ့ အချောင် သမားသက်သက်တွေကို မုန်းတီးကြတယ်။ စစ်ရေးနဲ့ မသက်ဆိုင်၊ အများသူငါသွားတဲ့ လမ်းတံတား ဖျက်ဆီးတဲ့ အဖျက်သမားက အစိုးရလုပ်ချင်တယ်ဆို တော့ ဒီလိုအဖွဲ့မျိုး ဘယ်သူက ထောက်ခံမလဲ၊ မတရားတဲ့နည်းနဲ့ နယ်မြေလုယူတဲ့သူပုန် ဘယ်သူ က ပံ့ပိုးမလဲ၊ မူးယစ်ဆေးသုံးပြီးမှ စစ်တိုက်တတ်တဲ့ သောင်းကျန်းသူ ဘယ်သူက ကူညီမလဲ။

 

လားရာချင်း ထပ်တူ

 

ပြည်သူတွေရဲ့လားရာနဲ့ တပ်မတော်ရဲ့လားရာက ထပ်တူထပ်မျှပါ။ အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးပါပဲ။ တော်တော်များများ သိတဲ့လူ သိကုန်ကြပါပြီ။ အထူးသဖြင့် စစ်ဒဏ်ခံဒေသက ပြည်သူတွေအသိဆုံးပါ၊ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် တပ်မတော်အုပ်ချုပ်တာနဲ့ သူပုန်အုပ်ချုပ်တာ ဘယ်ဟာက ပိုကောင်းသလဲ ပြည်သူတွေသိလာကြပြီဖြစ်တယ်။ ရန်သူဟာ ဒီမိုကရေစီ အတွက်လည်းမဟုတ်၊ ဖက်ဒရယ်ရေးလည်းမဟုတ်၊ ပြည်သူအတွက်လည်းမဟုတ်တဲ့ ကိုယ်ကျိုးကြည့် အတ္တဝါဒီ သက်သက်သာ ဖြစ်ကြောင်း ပြည်သူတွေသိလာကြပါပြီ။ သို့သော်နိုင်ငံအချုပ်အခြာနဲ့ တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေတဲ့ ပြည်ထောင်စုတပ်မတော်ကြီးအပေါ် ယခုထက်ပိုပြီး အမြင်ကြည်ဖို့တော့ လိုအပ်နေဆဲပဲ။

 

လွတ်လပ်ရေးကိုထိန်းသိမ်းရင်း၊ အချုပ်အခြာကိုကာကွယ်ရင်း ဒီစစ်ပွဲတွေမှာ စစ်သည်များစွာ အသက်ပေးခဲ့ရပြီး ဖြစ်ပါတယ်။ တိုက်စစ်နဲ့ ခံစစ်ဗျူဟာအကြားမှာ လူအင်အားအခြေအနေအရ အချို့မြို့တွေရွာတွေကို အပြည့်အဝ အကာအကွယ် မပေးနိုင်ခဲ့ဘူး။ အပြစ်မဲ့ပြည်သူတွေ၊ ရဟန်းသံဃာ တွေ၊ ဝန်ထမ်းတွေ၊ ကလေးသူငယ်တွေဟာ အဖျက်သမားလက်နက်ကိုင်တွေရဲ့ လူမဆန်စွာ အသတ်ခံခဲ့ကြရတယ်။ လက်နက်ကိုင်သူပုန် အချင်းချင်းတောင် သစ္စာမရှိတရားမဲ့ သတ်ဖြတ်နေကြသူတွေဖြစ်တယ်။ ဒီလိုလူတွေအပေါ် တပ်မတော်နဲ့ ပြည်သူဘက်က ဘာမှငဲ့ညှာစရာမရှိပါ။ ဒါကြောင့်လည်း မိမိတို့နဲ့ သေကွဲရှင်ကွဲကွဲခဲ့ကြတဲ့ နာကြည်းနေတဲ့ မိဘညီ အစ်ကိုသားသမီး မိတ်ဆွေသူငယ်ချင်းတွေဟာ ကျူးကျော်သူ မိစ္ဆာပြည်ဖျက်သမားတွေကို မိမိတို့ ရပ်ရွာတွေကနေ အခြေပြု ရရာလက်နက်စွဲကိုင်ပြီး တပ်မတော်နဲ့လက်တွဲကာ တိုက်ပွဲဝင်လာကြပြီလည်း ဖြစ်ပါတယ်။

 

ပြည်သူပါဝင်မှု၏ မှန်ကန်သောအချက်

 

နိုင်ငံတော်မှာ နိုင်ငံရေး၊ စစ်ရေးအခြေအနေက ရန်ငါပြတ်သွားတဲ့ အတွက်ကြောင့်ရော ရန်သူမိတ်ဆွေရယ်လို့ ပိုပြီးကွဲပြား ပီပြင်လာတဲ့အတွက်ကြောင့်ပါ ရေရှည်မှာ ဘယ်သူကအသာရမလဲ ပိုမိုထင်ရှားလာပြီလည်း ဖြစ်ပါတယ်။ အိမ်နီးချင်းမိတ်ဆွေက ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိကအားထားပြီး နိုင်ငံတည် ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် စေတနာထားအားထည့်ကြိုးပမ်းနေချိန်မှာ အဝေးက မိတ်ဆွေမပီသသူ နိုင်ငံအချို့ကတော့ မြန်မာပြည်သူတွေ ဆောက်တည်ရာမရ၊ မငြိမ်းချမ်းအောင်၊ နိုင်ငံလုံးဝ ဥဿုံပျက်စီးအောင် အဆိုးသဘောနဲ့ လုပ်နေကြဆဲဖြစ်တယ်ဆိုတာကိုလည်း တွေ့နေရ တယ်။

 

ပြည်တွင်းက လောက်ကောင်သစ္စာဖောက်တွေကလည်း အဝေးက ပေးစာကမ်းစာရယူ၊ သူ့ကိုဆရာတင် ကိုယ့်ကိုဆရာတင်၊ မြို့သိမ်း၊ ရွာသိမ်း၊ လယ်သိမ်း၊ လူသတ် အဖျက်လုပ်ရပ်မျိုးစုံနဲ့ မိုက်တွင်းနက်နေကြဆဲ ဖြစ်တယ်။ သိမ်းပြီးတဲ့မြို့ရွာတွေမှာ ဘာအုပ်ချုပ်ရေး၊ ပညာရေး၊ ဘာတည်ဆောက်ရေးလုပ်ငန်းမှ မလုပ်တတ်တဲ့အတွက် မြို့ကို ထိန်းချုပ်နိုင်ရုံ အဆင့်သာရှိတဲ့ သူပုန်ဘက်မှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အဖြေဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် လိုချင်တဲ့အဖြေက တရားတဲ့ဘက်မှာပဲ ရှိနေမယ်လို့ တပ်မတော်ရော ပြည်သူကပါ ယုံကြည်တဲ့အတွက် တပ်မတော်နဲ့ ပြည်သူဟာ အပြန်အလှန်ကူညီပြီး အပြန်အလှန်အမှီသဟဲပြုနေကြခြင်း ဖြစ်ပါတယ်။

 

ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ပြည်သူပါဝင်ရမယ်ဆိုတဲ့ ဒဿနက လုံးဝမှန်ကန်ပါတယ်။ ပြည်သူပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာက အနာဂတ် နိုင်ငံတော် လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်လာပြီဖြစ်ပြီး အတွေ့အကြုံနဲ့ရင်းပြီးမှရလာတဲ့ သင်ခန်းစာတစ်ခု လည်းဖြစ်လာပါပြီ။ ဒီအချက်ဟာ အရင်းအနှီး ကြီးကြီးမားမားပေးရပြီးမှ ရရှိလာတဲ့ နိုင်ငံနဲ့ပြည်သူအတွက် အကျိုးအမြတ် တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ယခုမပြီးသေးတဲ့စစ်ပွဲနဲ့အတူ အနာဂတ် နိုင်ငံလုံခြုံရေးအတွက် ပြည်သူတစ်ရပ်လုံး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်အပြည့်နဲ့ တပ်မတော်နဲ့အတူ လက်တွဲပါဝင်ထမ်းရွက်ကြပါဟု နှိုးဆော်လိုက် ပါတယ်။

 

တပ်မတော်ဆိုတာ

 

နိုင်ငံတော်မှာ အစိုးရဆိုလည်း တစ်ရပ်သာ၊ တပ်မတော်ဆိုလည်း တစ်ခုတည်းသော တပ်မတော်ပဲ ရှိရမယ်ဆိုတာကို ယနေ့ပြည်ထောင်စုတပ်မတော် ကြီးက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျဆုံး လေပြီးသော တပ်မတော်သားတို့ရဲ့ သစ္စာ၊ မခြောက်သေးတဲ့ သွေးတွေကို စောင့်သိသောအားဖြင့် ဆုံးရှုံးသွားတဲ့ အချုပ်အခြာ နယ်မြေအားလုံး မရရအောင် ပြန်ယူပြီး နိုင်ငံအခြေအနေကို မူလအတိုင်းပြန်လည် ရောက်ရှိအောင် လုပ်မယ်ဆိုတဲ့ ကတိစကားက ပေးလိုက်ရတဲ့မြေတွေ အကုန်ပြန်ယူ ပြန်ရမယ်ဆိုတဲ့ သဘော သက်ရောက်တာကြောင့် ရုပ်ပိုင်းစိတ်ပိုင်း ကျဆင်းနေတဲ့ ပြည်သူတွေအတွက် အားတက်စရာ ဖြစ်စေတာတော့ အမှန်ပါပဲ။

 

သူများလက်ဝေခံဘဝနဲ့ သွေးဆာနေသူတွေ နိဂုံးချုပ်တော့မယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ လှပလာမယ့် အနာဂတ်ကို စောင့်မျှော်နေကြမှာ လည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြည်သူကို ကတိ သစ္စာရှိတဲ့ ဘဝမှာ တစ်ခါပဲ သေရမယ်၊ သေရင် လည်း သိက္ခာရှိရှိနဲ့ သေမယ်ဆိုတဲ့ တပ်မတော်သား တွေ မြန်မာပြည်မှာ အများကြီး ရှိပါတယ်။ စစ်မြေ ပြင်မှာ အံ့ဘနန်းဇွဲနပဲနဲ့ အသေခံတိုက်နေတဲ့ စစ်သားတွေ ထုနဲ့ထည်နဲ့ရှိပါတယ်။ နေ့ညမရွေး၊ ရာသီမရွေး စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေတဲ့ တပ်မတော်ပါ၊ ဘာကိုမှလဲ မှုနေမှာမဟုတ်တဲ့ ဒီလို ခံယူချက်ကို အလေးအနက်ထားခံယူပြီး နိုင်ငံနဲ့ ပြည်သူအတွက် ဆက်လက်ပေးဆပ်နေမှာပဲ ဖြစ်ပါတယ်။            နောက်ဆုံးမှာ တိုင်းပြည်ရဲ့ အခြေအနေဟာ တပ်မတော်နဲ့ပြည်သူ့ဘက်မှာသာ ရှိနေမယ်ဆိုတာ မမှိတ်မသုန် ယုံကြည်ထားဖို့ လိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘယ်မှလည်းမပြေး၊ ဘယ်မှလည်း ရှောင်စရာမလိုပါ။ ကြောက်စိတ်ဟာ သေတာထက်တောင် ဆိုးတဲ့အတွက် အချို့နယ်မြေဒေသ တွေမှာ ပြည်သူတွေကိုယ်တိုင် လက်နက်စွဲကိုင်ပြီး ပြည်သူ့လုံခြုံရေးအတွက် ပြည်သူတွေကိုယ်တိုင် ပါဝင်ထမ်းရွက်လာကြတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တပ်မတော်ဟာ ဒေသဆိုင်ရာ တာဝန် ရှိသူတွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီး အချို့ဒေသ တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက် နေကြပါပြီ။

 

အခြေအနေကောင်းပြီး ပြန်လည်ငြိမ်းချမ်းလာတဲ့အပေါ် ပြည်သူတွေ ဝမ်းသာနေကြပါတယ်။ ဒီအပျော်တွေ အခြားနေရာများဆီ အလျင်အမြန် ကူးစက်ပျံ့နှံ့သွားဖို့သာ လိုပါတယ်။ ယနေ့အရေး အခင်းမှာ ဘယ်သူက သမိုင်းတရားခံဖြစ်နေသလဲ၊ ဘယ်သူက သူရဲကောင်းလဲ ကွဲကွဲပြားပြား သိလာ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်၊၊ ဒါကြောင့် အချို့ဒေသတွေမှာ တချို့သောသူတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို သင်ခန်းစာယူသင့်တာယူ၊ အတုယူသင့်တာယူပြီး အခြေအနေကောင်းတွေကို ဆက်လက်ဖန်တီး သွားကြမယ်လို့သာ ဆန္ဒပြုပြီး နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့နဲ့ ပူးပေါင်းကာ လက်တွဲညီညီ ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။