၁၁ မတ်
ကျွန်တော်သည် ၁၉၉၉ ခုနှစ်ကတည်းက ယခုနေထိုင်သော အောင်ပင်လယ် လမိုင်းလယ် အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်က ကျွန်တော့်အိမ်ကလေး၏ မြောက်ဘက်ခြမ်းမှာသာ လူနေအိမ်ခြေတွေရှိသည်။ တောင်ဘက်ခြမ်းမှာက ကွင်းပြင်တစ်လျှောက်လုံး ဟို... အောင်ပင်လယ်ကန်ပေါင်ရိုးအထိ ပိတ်စွယ်ရိုင်း တောကြီးဖြစ်သည်။ ယခု ၂၆ ဘီ လမ်းမကြီးကမြေသား လမ်းပေါ် ကျောက်ကြမ်းတွေ ခင်းပြီးကာစ . . .၊ မချောမွေ့သေး။ ညတိုင်းရောက်လျှင် ခြောက်ဗို့ဘက်ထရီ မီးလုံး လေး၏ အလင်းရောင်မှိန်မှိန် အောက်၌ ရေဒီယိုလေး တစ်လုံးနှင့် ထိုင်နေရင်းပိတ် စွယ်တောကြီးပေါ် တိုင်ဦး တမ်းကစားနေကြသော ပိုးစုန်းကြူးအုပ်ကြီး၏ ပဒေသာကပွဲကိုပဲ ကြည့်ရှုနေရသည်။
ဝါတွင်းကာလများတွင် ဆိုလျှင်တော့ တောင်ဘက်ကျန်းမာရေးရပ်ကွက် ဓမ္မာရုံဆီကဖွင့်နေသည့် အသံချဲ့စက်မှ ဗုဒ္ဓဝင်ဖွားတော်မူခန်း ဓာတ်ပြားမှအသံများနှင့် နှလုံးစိတ်ဝမ်းအေးချမ်းရပြန်၏။ မနက်လင်းလျှင်ဖြင့် ကိုယ့်အိမ်အရှေ့ဘက်မှာလည်း ပိတ်စွယ်တောကြီးမို့ အရှေ့ရိုးမပေါ်က ခေါင်းပြူလာသော ထွန်းသစ်စနေရောင်ခြည်ကိုအစောဆုံး ထိတွေ့ရပြန်သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင် ရန်ကင်းတောင်ပေါ်မှ စေတီပုထိုးတို့၏ မှန်စီရွှေချအရောင်လက်လက်များလည်း ကွန်မြူးနေ၏။ ရန်ကင်းတောင်နှင့် အရှေ့ရိုးမကြားက ထုံးသင်္ကန်းဖြူဖြူတွေက ရေတံခွန်တောင်ဖြစ်မှာပေါ့။
ကျေးငှက်ပေါင်းစုံတို့ ညီလာခံ
လယ်တောအိမ်လေးပတ်ဝန်းကျင်မှာ သရက်ခြံ၊ သပြေခြံကြီးတွေလည်းရှိသည်။ ပေ ၅၀ ပတ်လည်လောက်ရှိမည့် ရေကန်ကြီးတွေလည်းရှိသည်။ တောစပ်လက်ကျန်မှာ မနက်ကတည်းက ကျေးငှက်ပေါင်းစုံတို့ညီလာခံကြ၏။ ချိုးကူသံနွဲ့နွဲ့က ညီလာခံကို စည်ရွမ်းပေး နေသည်နှင့်တူသည်။ မျက်နှာချင်းဆိုင် ခြံတွင်းရှိ သရက်ပင်အုပ်ဆီက ငှက်ဆိုင်းသမားတို့၏ တီးဝိုင်းကလည်း နေထန်းတစ်ဖျားမှာပင် စတင်ချေပြီ။ တစ်ကောင်က တကယ်ကယ်ဟု နှဲမှုတ်၏။ နောက်တစ်ကောင်က တိုးတီနောင် .. ၊ တိုးတီနောင် ဟု ကြေးမောင်းတီးသည်။ နောက်ဆုံးတစ်ကောင်က လင်ကွင်းသမားပေထင့်။ ဂျန်းဟိုးတဲ့။ မနက်စောစော ဆွမ်းခံချိန်လောက်ကတော့ ညကအိပ်တန်းတက်ခဲ့သော ရေဘဲအုပ်တွေအသံပေးရင်း အစာရှာထွက်သွားကြပြီ။ အိမ်ရှေ့တောလမ်းလေးဘေးက မြက်ရိုင်းပင်တွေမှာ နှင်းငွေ့အစိုပြန်နေ၏။ တောစံပယ်ပန်းလေးတွေက မွှေးပျံ့သည်။ ဟို..တောင်ဘက်မှသည်ခြံလေးတွေရှေ့က ဝေ့ဝိုက်လာသော လမ်းကလေးကအနောက်ဘက် မြို့ပတ်မီးရထားလမ်းနှင့် ရေနီမြောင်း ဆီဦးတည်သည်။
မြို့လယ်ကောင်က ‘အတိတ်’
အစက . . . ထိုလယ်တောအိမ်လေးမှာနေထိုင်းရင်း မြို့လယ်ကောင်က ‘အတိတ်’ကို လွမ်းဆွတ်နေမိသေး၏။ အထီးကျန်သလိုလည်းခံစားမိသေး၏။ နောက်တော့နေသားကျသွားသည်။ မနက်စောစောလမ်းလျှောက်ထွက်ရင်း နားခိုအပန်းဖြေစရာနေရာလေးတစ်ခုကို တွေ့ရှိသွားခဲ့သည်။ ထိုနေရာလေးကား အောင်ပင်လယ်ကန်ပေါင်ရိုးမေးတင်သော ကန်စပ်က စိမ်းမြအေးရိပ်ငြိမ်သက်နေရာဖြစ်သည်။ ထိုနေရာမှာ ပိတောက်တွေဝေနေအောင်လည်း ပွင့်တတ်သလို ဝါစက်သော ပိတောက်ပွင့်ဖတ်တွေလည်း ဖွေ့ဖွေ့ကြွေနေတတ်သည်။ ပိတောက်တွေဝေနေသောရက်တွေဆိုလျှင် ပိတောက်ပင်အောက် သစ်သားစားပွဲအိုလေးပေါ်က လက်ဖက်ရည်ခွက်ထဲ ပိတောက်ပွင့်ဖတ်တွေက ခုန်ဆင်းလာတတ်၏။ ထို့အတူ ပိတောက်လှေတွေမျောသည့် စမ်းချောင်းရေစပ်လည်းရှိ၏။ မဟော်ဂနီရွက်ဖားဖားတွေလည်းရှိ၏။ စက္ကူပန်းရောင်စုံတွေလည်းရှိ၏။ အယုဒ္ဓယ မြန်မြန်နမ်းလှည့်ပန်းနီနီ၊ ဖြူဖြူတွေလည်းရှိ၏။ ဗုဒ္ဓံသရဏံပွင့်ဝါ၊ ပွင့်နီတွေလည်းရှိ၏။ နန်းဦးလွင်ရွာက ထိုမိသားစုပန်းခြံလက်ဖက်ရည်ဆိုင်လေးမှာထိုင်ရင်း ‘မန္တလေး’ကို ပိုမိုသိရှိခံစားခဲ့ရသည်။
သစ်သားစားပွဲလေးပေါ်မှာ ‘မန္တလေး’
ထိုပိတောက်ပင်ရိပ်အောက်က သစ်သားစားပွဲလေးပေါ်မှာ ‘မန္တလေး’ရှိနေတာသေချာပြီ။ အဘယ်ကြောင့်ဆိုသော် ထိုစားပွဲလေးမှာ အစွဲအလမ်းကြီးလွန်းလှစွာသော ‘ငါတို့ မန္တလေးမှ မန္တလေးသား’တွေမနက်တိုင်း လိုလိုစုဖြစ်ကြလို့ ဖြစ်သည်။ သီချင်းရေးဆရာပါသည်။ ပြဇာတ် ရုပ်ရှင်ဒါရိုက်တာပါသည်။ ဆိုင်းဆရာ ရွာစားပါသည်။ စာရေးဆရာပါသည်။ ကာတွန်းဆရာပါသည်။ ဂီတမှူးပါသည်။ သရုပ်ဆောင်ပါသည်။ အဆိုတော်ပါသည်။ ရုပ်ရှင်ထုတ်လုပ်သူ ပါသည်။ ပန်းပုဆရာပါသည်။ ဆက်တင်ဆရာပါသည်။ ပန်းချီဆရာ ပါသည်။ ပြဇာတ်မင်းသားပါသည်။ ကဗျာဆရာပါသည်။ ရိုက်ကူးရေး မန်နေဂျာပါသည်။ ဇာတ်မန်နေဂျာ ပါသည်။ လေမှုတ်တူရိယာပညာရှင်ပါသည်။ မြန်မာစာကထိကပါသည်။ ထို ‘မန္တလေး’ စကားဝိုင်းက မနက်ခုနစ်နာရီလောက်မှ တစ်ခါခါ ၁၀ နာရီအထိ စကားတွေ ဖောင်ဖွဲ့၊ စကားတွေမပြတ်၊ စကားရေယဉ်ကြောထဲမျော ပါသွားတတ်ကြသေးသည်။ ဈေးချိုတော်မှာ၊ ရတနာပုံဈေးမှာ၊ လမ်း ၈၀ မှာ၊ ၇၈လမ်းမှာ၊ မြို့သစ်မနော်ဟရီလမ်းမှာ၊ ၆၂လမ်း မနော်ရမ္မံမှာ၊ သိပ္ပံလမ်း အောင်ပင်လယ်မှာ မန္တလေးကို ဘယ်သူတွေ ဘယ်လိုပဲရွှေ့ရွှေ့ထိုစားပွဲလေးမှာတော့ မန်းရာပြည့်ဝန်းကျင်မန္တလေးကို စုံရေ မက်ရေမရွေ့စတမ်း ကုပ်ကပ်အားတင်း ဖက်တွယ် လွမ်းဆွတ်နေကြခြင်း ဖြစ်သည်။
ကွန်ဆာဗေးတစ်ကြီးများပါတီ
ဒင်္ဂါဇာတ်ရုံမှသည် မြသီတာဇာတ်ရုံအထိ၊ လေဘာတီမမြရင်မှသည် ပန်တျာဌေးဌေးမြင့်အထိ၊ ငြိမ်းချမ်းရေးသင်္ကြန်မှသည် စေတနာအလှပြယာဉ်အထိ၊ ပြင်စည်မင်းသားကြီးမှသည် အဉ္စလီမောင်မောင်အထိ၊ အီနောင်ကိုစံတုတ်မှသည် ငါးမည်ရတင်သိန်းအထိ၊ ဆရာခြုံမှသည် စစ်ငြိမ်းအေးအထိ၊ ဘဝသံသရာမှသည် သင်္ကြန်မိုးအထိ၊ ရတနာပုံနေပြည်တော်သတင်းစာမှသည် ဟံသာဝတီအထိ၊ ဘိုးဝဇီရမှသည် ဦးဝင်းတင်အထိ၊ နန်းတွင်းဟစ်တိုင်မှသည် ရာပြည့်ကွင်းအထိ၊ အတွင်းတော်တီး စိန်ဆိုင်းဆရာဖေမှသည် မန်းဟေမာဗြောအထိမရွေ့ခဲ့သော မန္တလေးကို ရေပက်မဝင် တဖွဖွ တသနေကြသည်။ မန္တလေးမရွေ့ရေးဒို့အရေးဟု မကြွေးကြော်ကြရုံတမယ်၊ သည်းသည်းလှုပ် မရွေ့စေချင်သူ ကွန်ဆာဗေးတစ်ကြီး များပါတီ ဖြစ်သည်။ ထို့ကြောင့်လည်း မန္တလေးကိုမရွေ့စေချင်သူတွေ ထပ်မံပူးပေါင်းရောက်ရှိလာကြ ပြန်၏။
မန္တလေးမရွေ့ရေးအာဘော်များအောက်
တစ်ခါတစ်ခါ မန္တလေးရောက်နေသည့် ကဗျာဆရာ ဇာတ်မင်းသားလေးလည်း သူ့မိခင်အိမ်ဆီကခြေကျင်ကူး လာချေသည်။ တစ်နှစ်မှာတစ်ကြိမ်နှစ်ကြိမ်ဆိုသလို မန္တလေးသားဖြစ်သော မန္တလေးနှင့်နွှယ်သော၊ မန္တလေးကိုနားလည်သော နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ တစ်ဦးစ နှစ်ဦးစလည်းရောက်လာတတ်သည်။ သူတို့က ရန်ကုန်မှာအနေကြာ (သို့မဟုတ်) ရန်ကုန်သား ဖြစ်နေပြန်တော့ ဒမ်ဘလယ်ဒီဖူးရန်ကုန်မှာ ဒီလိုဖြစ်ကုန်ပြီ၊ ကမ္ဘာမှာဒီလိုဖြစ်ကုန်ပြီဟု တံတွေးတဖွားဖွားနှင့် အာပေါင်အာရင်း သန်သန် မန္တလေးကိုလည်း ခေတ်နှင့် လိုက်လျောညီထွေစွာဟု ဆိုကာရွှေ့ဖို့ ဩဝါဒလာခြွေတတ်၏။
ဒီမှာကအရိုးစွဲ၊ ခေါက်ရိုးကျိုး၊ ခေါင်းမာ၊ ပေကပ်ကာ မန္တလေးမရွေ့ရေးအချက်နှင့် အလက်နှင့်၊ စာကိုး ကျမ်းကိုးနှင့်၊ ဓမ္မသတ် ရာဇသတ်နှင့် ချက်ကျ လက်ကျ ပြန်လည်ချေပတုံ့ပြန်ပြောဆိုလိုက်ကြတော့ အနှီအင်တာနေရှင်နယ်ဝါဒီများလည်း ကန်ကောက်ရွာဟောင်း နွားခြံက နွားနို့ကိုဖွဲမီးဖိုတွင် ချက်သော နို့ဆီနှင့် မန္တလေးကျုံးတွင်းသွင်းသည့် ရေနီမြောင်းရေနှင့် ဖျော်သောဖန်ဆိမ့်လက်ဖက်ရည်ကို မတ်ပဲဗယာကြော်၊ ပဲကောက်ညှင်းကြော်၊ ကြက်သွန်ကြော်များကို မန်ကျည်းအနှစ် အချဉ်ရည်နှင့်တို့ကာ မြိန်ရေရှက်ရေစားသောက်ပြီးသကာလ အိမ်ရှင်များ၏ မန္တလေးမရွှေ့ရေးအာဘော်များအောက် နစ်မွန်းပြီးလက်လျှော့ပေးသွားကြသည်။ မန္တလေးကိုမရွေ့စေချင်သူတွေကတော့ လက်ဖက်ရည်ကြမ်းအိုးများစွာနှင့် ပဲခုခံနေကြဆဲ . . .၊ ရွေ့သည့် မန္တလေးက (ထုံးစံအတိုင်း) ရွေ့နေသည်။ မတတ်နိုင် . . . ရွေ့ခြင်း ကသူ့ကိစ္စပဲ . . . ။ ကျွန်တော်တို့ စားပွဲဝိုင်းလေးကတော့မရွေ့ရေး ကြံ့ကြံ့ခံဆဲ . . . ။
ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းပါရမယ်ဆွေးပါရမယ်
ဘာကြာသေးလို့လဲ...။ မန္တလေးမရွေ့ရေးခေါင်းမာခဲ့ကြပြီး နိုင်ရာ နိုင်ရာအနုပညာဆွေသဟာများနှင့် ခေါင်းမာ ခဲ့ကြတာ ဘာကြာသေးလို့လဲ ... ။ သည်ကြားထဲအခုပဲ မန္တလေးအနှစ်၁၆၀ပြည့်လုပြီ။ မန္တလေး အနှစ် (၁၆၀) ပြည့်ပြီးနောက်နှစ်မှာ ရွေးကောက်ပွဲလာတော့မည်။ ဆွေမျိုးပေါက်ဖော်တို့၏ ကမ္ဘာကျော် ခါးပတ်တစ်ကွင်း လမ်းတစ်စင်းက ရွှေလီမှတစ်ဆင့် မူဆယ်ကိုဖြတ်ပြီး ကျည်ဆန်ရထားနှင့် မန္တလေးရောက်လာတော့မည်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးစားဆဲ ရှေးဟောင်းပုဂံကမဟာတံတိုင်း၊ ရှီအန်းနန်းတော်၊ လီရှန်ဗုဒ္ဓရုပ်ပွားတော်တို့နှင့်အတူ ခရီးစဉ်တစ်ကြောင်းတည်းဆွဲကြတော့မည်။ သေချာတာတစ်ခုကတော့ ကုန်လွန်ခဲ့သည့် ၁၀ နှစ်လောက်က နန်းဦးလွင်ရွာ မိသားစုလက်ဖက်ရည်ဆိုင်က စားပွဲလေးမှာ မနက်တိုင်းသဲကြီး မဲကြီးဆုံကြပြီး မန္တလေးမရွေ့ရေးခေါင်းမာခဲ့ကြသော ‘ငါတို့ မန္တလေးမှ မန္တလေးသား’ ဆိုသူတွေ အကွဲကွဲအပြားပြားနှင့် ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းပါရမယ်ဆွေးပါရမယ် ကြာပင်အိုင်ကြီးအလယ်ရောက်ရှိ ပြိုကွဲသွားသောအခြေအနေပင်ဖြစ်ပါ၏။
မန္တလေးလည်း ထိန်းမနိုင်သိမ်းမနိုင်ရွေ့၊ မန္တလေး သားတွေလည်း ကုန်းကောက်စရာမရှိအောင်ရွေ့ ...။ နောက်ဆုံးခံတပ်ဟူသည်ကား သပြေတန်းခံတပ်အလား ကျဆုံးခဲ့လေပြီ။ ဘယ်သူက အလံဖြူလွှင့်စေခဲ့တာလဲ...။ ။
ဆူးငှက်