စွမ်းပြည့်

တရုတ်-မြန်မာဆက်ဆံရေးက သမိုင်းနှင့်ချီသည့် အစဉ်အဆက်ချစ်ကြည်ရေးကို တည်ဆောက်ပြီးသားဖြစ်သည်။ ခေါင်းဆောင်များအကြား အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော်နှစ်ရပ်အကြား နားလည်မှု၊ ချစ်ကြည်မှု ပိုမိုခိုင်မာလာအောင် အမြော်အမြင်ရှိရှိ ကြိုးစားတည်ဆောက်ထားပြီးဖြစ်သည်။ မကြာမီရက်များအတွင်းက အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်ဖျက်မီဒီယာများက ကောလာဟလများဖန်တီးပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားအောင် လုပ်ဆောင်လာကြရာတွင် နည်းပညာဆိုင်ရာ အားနည်းချက်အချို့ကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအရ အမြတ်ထုတ်၊ အချုပ်အခြာ ကျိုး‌ပေါက်အောင် ချိုးဖျက်မှုများကို ယနေ့မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည်။ သတင်းတု၊ သတင်းမှားများအောက်တွင် အောက်တန်းကျစွာဖြင့် နှစ်ဖက်ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လာကြသည်ကို တွေ့ရသည်။

တိုင်းပြည်ပြိုကွဲမှု အဖြစ်မခံနိုင်

ယခုအချိန်တွင် မြန်မာပြည်သူ တိုင်းရင်းသား အပေါင်းလိုလားသည်က တပ်မတော်နှင့် ရန်သူ၊ ပြည်သူနှင့် အကြမ်းဖက်အကြား ပြတ်ပြတ်သားသား ရန်/ငါ စည်းပြတ်ရန်အချိန်တန်ပြီဟု ယူဆချက်ဖြစ်သည်။ ထိုယူဆချက်နှင့်အတူ အကြမ်းဖက်ရန်သူများအပေါ် အပြင်းထန်ဆုံး ဒဏ်ခတ်ချေမှုန်းရန်သာ ရှိပါတော့သည်။ သို့မဟုတ်လျှင် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားနိုင်သည်။ ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်သည်။ အချုပ်အခြာအာဏာ ထိပါးသွားနိုင်သည့် အန္တရာယ်ရှိနေသည်။

ကမ်းကုန်အောင်ရက်စက်ယုတ်မာမှုများ

တိုင်းပြည်နှင့်ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်နေသည်က ယနေ့ပြည်ပသြဇာခံ KIA နှင့် မြောက်ပိုင်းသုံးဖွဲ့ MNDA၊ TNLA၊ AA အကြမ်းဖက်အုပ်စုများဖြစ်သည်။ မူးယစ်ဆေးဝါးကုန်ကူးမှုဖြင့် ချမ်းသာလာကြသော ထိုအကြမ်းဖက်အုပ်စုများသည် မူးယစ်အရေးမှသည် အခြေအနေပေးလျှင်ပေးသလို နိုင်ငံရေး လိုလားချက်များအထိ အမြတ်ထုတ်ချင်ပုံရသည်။ သူတို့ကြောင့် နိုင်ငံတော်၊ ပြည်သူနှင့် တိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်နေသော  ပြည်ထောင်စု တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား ပြည်သူ့စစ်များ၊ အပြစ်မဲ့ပြည်သူများစွာ အသက်ပေး ကြရသည်။ အရှေ့မြောက်မှစတင်သည့် ထင်မှတ် မထားသည့်ဇာတ်လမ်းမှ စစ်မျက်နှာဖွင့်၍ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်အစပ်၊ ကယား၊ ကရင်၊ မွန် အစပ် နေရာအနှံ့ဖြန့်ကြက်ပြီး ပွဲလန့်တုန်းဖျာခင်း တိုက်ကွက်ဖော်၍ နည်းလမ်းစုံဖြင့် နေရာစုံမှ ဝင်ရောက်တိုက်ခိုက်ကြသည်။ 

ယုံကြည်မှုကို ကာလရှည်တည်ဆောက်နေကြသော်လည်း ထိုယုံကြည်မှုကို ပြန်လည်ချိုးဖောက်ကာ တိုင်းပြည်ကိုရောင်းစားရန် တာစူနေကြပေပြီ။ နှစ်နှင့်ချီ၍ တိုင်းပြည်ဘဏ္ဍာသိန်းချီ၊ သန်းချီ အကုန်ခံတည်ဆောက်ပေးထားသော လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများ မိနစ်ပိုင်းအတွင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးလိုက်ကြခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးများ အကြီးအကျယ်ရပ်တန့် ကုန်သည်။ ကုန်စည်ရောင်းဝယ်မှုများ နှောင့်နှေးကုန်သည်။ နေရာအနှံ့ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ကြသည်။ အများပိုင်ဘဏ်များ ဖောက်၊ ဓားပြတိုက် လုယက်ကြသည်။ အကြီးမားဆုံးသော ပြစ်မှုများကို ကျူးလွန်ကြခြင်းပင်ဖြစ်တော့သည်။ တက္ကသိုလ်၊ ကောလိပ်များဝင်စီးပြီး ဆရာ ဆရာမများကို လူသားတံတိုင်းလုပ်၍ ဓားစာခံအဖြစ် ဖမ်းဆီးသည်။ စစ်ဖြစ်သည့်အခါ အပြစ်မဲ့ပြည်သူ များခမျာ အသက်ကိုဖက်နှင့်ထုပ် ပြေးလွှားရှောင်တိမ်း စစ်ပြေးဒုက္ခသည် ဖြစ်ကြရသည်။ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ကြသည်အထိ လက်ရဲဇက်ရဲကျူးလွန်ကြသည်။ 

အဆုံးသတ်သင့်ပါပြီ သည်းခံခြင်းတရားများ

အသိတရား အလွန်ခေါင်းပါးသော လူယုတ်မာများပင်ဖြစ်တော့သည်။ ကမ္ဘာတွင် ဤသို့သော လက်နက်ကိုင်အကြမ်းဖက်တွေလောက် ယုတ်မာအောက်တန်းကျသော ပြည်ဖျက်မိစ္ဆာမျိုး ရှိမည်မထင်ပါ။ ခွင့်လွှတ်နိုင်စရာမရှိသော ယုတ်မာမှုများအတွက် သည်းခံခြင်းများ အဆုံးသတ်ရန် အချိန်တန်ပြီဟု ယူဆပါသည်။ တပ်မတော်က ငြိမ်းချမ်းရေးကို ရှေးရှုသည်။ တပ်မတော်ခေါင်းဆောင်များက စည်းလုံးညီညွတ်ရေးအတွက် အကြိမ်ကြိမ်လက်တွဲခေါ်သည်။ ပြည်သူများက အေးချမ်းမှုကို မျှော်လင့်သည်။ သို့သော် တပ်မတော်၏ စေတနာကို သူတို့ လျစ်လျူရှုသည်။ ပြည်သူများ၏ဆန္ဒကို မထီမဲ့မြင်ပြုသည်။ တပ်မတော်ခေါင်းဆောင်များ၏ အပြုံးနှင့် ခွင့်လွှတ်မှုကို အမုန်းအာဃာတတို့နှင့်ဖုံးပြီး အပြုသဘောမှန်သမျှ အလွဲသုံးစားလုပ်ပစ်ကြသည်။ 
တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ်စားပြု ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ကြီးက တိုင်းပြည်နေရာအနှံ့  တောချုံအုံကြားမကျန် ကိုယ့်တိုင်းရင်းသားသွေးချင်းများအတွက် အထူးကုပါရဂူ၊ ဆေးမှူး၊ သူနာပြု ဆေးဝါးအစုံ ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ထိထိရောက်ရောက်ကုသပေးသည်ကို ယနေ့တပ်မတော်ကို မုန်းတီးနေပါသည်ဆိုသော အချို့ပြည်ဖျက်မိစ္ဆာများ မြင်စေချင်သည်။ 

အဖျက်သမားနှင့်အပြုသမား၊ ရိုးသားသူနှင့် မရိုးသားသူ၊ သစ္စာရှိသူနှင့် လူယုတ်မာ၊ ဥပဒေသမားနှင့်ဥပဒေမရှိသူဟူ၍ ခွဲခြားမြင်နိုင်စွမ်းရှိကြသူများ များစွာရှိနေပါသေးသည်။ ထို့ကြောင့်လည်း တိုင်းပြည်နေရာအနှံ့က တပ်မတော်ထောက်ခံ ဆန္ဒပြပွဲများနှင့်အတူ ရှေ့တန်းရောက်တပ်မတော်သားများအတွက် စေတနာရှင်ပြည်သူများ၏ လိုအပ်သော လက်ဆောင် စားသောက်စရာများ၊ အားပေးချီးမြှင့်သော အဝေးရောက်စာလွှာများကို အဆက်မပြတ် ပေးပို့လက်ခံရရှိနေခြင်းဖြစ်သည်။ နွေးထွေးမှုမရှိ၊ အိပ်စက်ချိန်မရ၊ အသက်ကို လောင်းကြေးထပ်၊ အကြမ်းဖက်လူ့မိစ္ဆာများနှင့် ရင်ဆိုင်နေရသော မျိုးချစ်တပ်မတော်သားများအတွက် လုပ်ကိုလုပ်ပေးရမည့်အရာများဖြစ်ပါသည်။

တိုင်းရင်းသား  ပြည်သူလူထုကြီးအနေဖြင့် ထိုလူယုတ်မာ အကြမ်းဖက်သမားများ၏ လုပ်ရပ်နှင့် လုပ်ဇာတ်များကို ကွက်ကွက်ကွင်းကွင်း မြင်လာသိလာကြပြီဖြစ်သလို  ယခုထက်ပို၍လည်း နားလည်သ‌ဘောပေါက်သင့်ပါပြီ။ ပြည်ထောင်စုကြီးအတွင်းရှိ မိမိတို့ တိုင်းရင်းသားများအချင်းချင်း သပ်လျှိုသွေးခွဲမှုများကို ခွင့်မပြုသင့်တော့သလို ဘေးအိမ်နီးချင်းနိုင်ငံများအကြား နားလည်မှု လွဲမှားအောင် ဆောင်ရွက်ချက်များကိုလည်း သတိထား ထိန်းသိမ်းကာကွယ်ရမည့် အနေအထားဖြစ်လာသည်။ 

 ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပန်ဆင် ထားသူများအနေဖြင့် ဤမျှအောက်တန်းကျ ယုတ်မာသူများကို နေရာပေးလူရာသွင်းရန်သင့်ပါရဲ့လား၊ စဉ်းစားချိန်တန်ပြီဟူ၍လည်း ယူဆပါသည်၊ မျက်နှာသာမပေးဘဲ အများအတွက်၊ နိုင်ငံတော်ကြီးအတွက် အဓိကပြတ်သားသင့်သည်ကို ပြတ်သားပြရ မည်ပင်ဖြစ်သည်။ 

သို့သော် ပြည်သူတစ်ယောက်အနေဖြင့်မူ ယုံကြည်မှုများရှိဆဲဖြစ်ပါသည်။ မည်သို့မျှ ဦးမညွှတ် သည့် တပ်မတော်တစ်ရပ်ကို ဘယ်လိုရန်သူမျိုးကမျှ အနိုင်မယူနိုင်ဘူးဆိုသည့် အချက်ပင်ဖြစ်သည်။ မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနေသရွေ့ ယနေ့တပ်မတော်ကို ဘယ်လိုမှဖြိုခွဲ၍မရနိုင်ပါ။ တပ်မတော်မပြိုကွဲသမျှ ပြည်ထောင်စုကြီးလည်း အဓွန့်ရှည်တည်တံ့နေမည်သာဖြစ်သည်။ 

တစ်နိုင်ငံလုံး ၁၃၅ မျိုးသော ရှိသမျှလူမျိုးပေါင်းစုံ အရေး၊ ဒေသတွင်းအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာဖိအားကို ချိန်ဆနေ၍သာ မျိုးဖျက်လူယုတ်မာများ ဤမျှသက်ဆိုးရှည်နေခြင်းဖြစ်သည်။ 

အဓိကအချက်က ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ပြည်တွင်းအင်အားကိုယ်ခိုင်ခိုင်မာမာ တည်ဆောက် ထားနိုင်ရေးပင်ဖြစ်သည်။ အရေးကြုံက ကိုယ့်အင်အားအစစ်သည်သာ စိတ်အချရဆုံးဖြစ်သည်။ အရေးအကြီးဆုံးက သွေးမကွဲ၊ သွေးခွဲမခံဘဲ နိုင်ငံတော်ကို ချစ်သည့်စိတ်၊ တပ်မတော်ကိုချစ်သည့်စိတ်ဖြင့် အချင်းချင်းညီညွတ်နေရန်ဖြစ်ပြီး ရှေ့တန်းအစွန်အဖျားတွင် တိုက်ပွဲဝင်နေရသူ မျိုးချစ်အားလုံးအပေါ် စိတ်ဓာတ်များတက်ကြွနေအောင် အားပေးလှုံ့ဆော်ကြရန်ပင်ဖြစ်ပါသည်။ ဒီအချိန်တွင် ရာထူးဆိုသောဂုဏ်ထက် အားလုံးတွင် စစ်သားစိတ်ရှိနေရန်က ပို၍အရေးကြီးလာသည်။ ယခုစစ်ပွဲသည် အောင်မြင်မည့်စစ်၊ သေချာပေါက် အောင်နိုင်မည့်စစ်ဟူသော ယုံကြည်ချက်ဖြင့် ရှေ့တန်းမှ ကိုယ့်စစ်သည်များ တိုက်ချင်ခိုက်ချင် စိတ်ဖြစ်‌နေအောင်၊  စိတ်ဓာတ်တက်ကြွနေအောင် နည်းလမ်းပေါင်းစုံဖြင့် အားပေးသင့်ပါသည်။ အနိုင်မရဘူးဟုထင်ခြင်းသည် အရှုံးပေးခြင်းပင်ဖြစ်သည်။ 

ယခုအရေးအခင်းတွင် တန်ပြန်လုပ်ဆောင်မှု၊ တန်ပြန်ချေမှုန်းမှုဆိုသည့် စာသားများအစား တန်ပြန်အမြစ်ဖြတ်မည်ဆိုသည့် စကားလုံးများကို အစားထိုး တွင်တွင်ကျယ်ကျယ် ကျင့်သုံးသင့်သည့် ကာလရောက်ပြီဟု ယူဆပါသည်။ ယခုအရေးကို တစ်မျိုးသားလုံး၏ အမျိုးသားရေးပမာ သဘောထားသင့်ပါ၍ ပြတ်ပြတ်သားသား ကိုင်တွယ်ရန်ပင် ဖြစ်ပါသည်။ ရတနာသုံးပါးကိုလည်း ဘယ်တော့မှ မမေ့၊ မြန်မာ့သွေး မြန်မာ့ဂုဏ်သိက္ခာနှင့်အတူ ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေခြင်း လည်းဖြစ်ပါသည်။ 

သို့သော် သေချာနေသည်တစ်ခုက ယခုဖြစ်စဉ်ကို သင်ခန်းစာယူရန်ပင်ဖြစ်သည်။ အနာဂတ်တွင် တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ယခုထက်ပို၍ သတိထားရန် လိုမည်ဆိုသော အချက်နှင့်အတူ တရားမဲ့ပြုကျင့်၍ တရားမဝင် လက်နက်ကိုင်နေသော လူတန်းစားကို အမြစ်ဖြတ် သင့်ပြီဆိုသော ခံယူချက်မျိုးထားရှိရန်ပင်ဖြစ်ပါတော့သည်။  ။