ရန်ကုန် ၆ ဇူလိုင်
ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ (၁/၂၀၁၈) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကုက္ကိုင်းရိပ်သာလမ်း၊ အမှတ်(၂၈)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး ဗဟိုကော်မတီ အတွင်းရေးမှူး ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ဗီဒီယိုစိစစ် ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များက အသီးသီးဆွေးနွေးတင်ပြကြရာ ဦးရဲနိုင်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ (၂) နှစ်သက်တမ်းရှိသော ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင်(၉)ဦးဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ယနေ့အစည်းအဝေးတွင် ဗီဒီယိုဖြန့်ချိရေးလုပ်ငန်းလိုင်စင် နှုန်းထား ပြင်ဆင်ရေး၊ ခိုးကူးပွားချပ်များ လျော့နည်းပပျောက်ရေး၊ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ အင်တာနက်တွင် တရားမဝင် ပျံ့နှံ့နေခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)