ကိုရင်သြ - ရေးသားသည်

 

ဂျပန်နိုင်ငံ၌  ဧပြီလတွင် စတင်မည့် ဗီဇာစနစ်သစ်အရ တိုင်းတစ်ပါး ပြည်ရွာ သားများ (ဝါ) နိုင်ငံခြားသားများအား ငှားရမ်းအသုံးပြုမည့် ကုမ္ပဏီများ လိုက်နာရမည့် ဥပဒေစည်းမျဉ်းသစ်များကို အစိုးရအဖွဲ့က မတ် ၁၅ ရက်တွင်ထုတ်ပြန်ကြေညာလိုက်ပြီဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသော အခါ တိုင်းတစ်ပါး ပြည်ရွာသို့ သွားရောက်၍ တက်လမ်းရှာ အလုပ်လုပ်ကိုင်ကြသူများအတွက် ယင်းနိုင်ငံ၏ ဥပဒေစည်းမျဉ်းသစ် များက မည်သို့မည်ပုံအကာအကွယ်ပေးထားသည်ကို ကျွန်ုပ်စူးစမ်းလေ့လာမိလေ၏။

 

နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းအဖြစ် ကျွန်ုပ်ရှုမြင်မိရင်း သတင်းပါအချက်အလက်များကို ယေဘုယျ ဗျူပ္ပတ်လိုက်ကာ (ဝါ) ဝေါဟာရဇာစ်မြစ်လိုက်ကာ ကျွန်ုပ်ဆက်လက်စူးစမ်းမိ၏။

 

“လုံ့လလည်းထူ မိုးလည်းကူ နွားချေးလည်းချ ကံလည်းမ” ပါမှထွန်းပေါက်အောင်မြင်သည့် သဘောတရား အတိုင်းပင် အလုပ်အကိုင်အခွင့်အလမ်းပေါ်လာသည့်တိုင် မိမိ၏လုံ့လဝီရိယ၊ အတတ်ပညာရှိမှု၊ အတွေ့အကြုံ ရှိမှုတို့နှင့် ပေါင်းစပ်နိုင်မှသာလျှင် “လုပ်အား” ဖြင့် မိမိဘဝ ကိုရော၊ မိသားစုဘဝကိုပါ မြှင့်တင်နိုင်ပေလိမ့်မည်။ 

 

လွန်ကဲသောလုံ့လနှင့် ထက်သန်သော စိတ်တို့နှင့် ပြည့်စုံခြင်း(ဝါ) “အဓိပတိတရား” နှစ်ပါးနှင့် ပြည့်စုံခြင်းသည် “ဘဝ” မြင့်မားတိုးတက်ရေး အတွက် အခရာကျလှသည်ဟု ကျွန်ုပ်တွေးတောမိပြီးလျှင် ယင်းသတင်းကို ဆက်လက်ဖတ်ရှုမိ၏။

 

ထူးခြားချက်မှာကား . . .

 

နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း တည်းဟူသော ရွှေတံခါးကြီးကိုတိုး၍ ဖွင့်လှစ်ပေးတော့မည့် ဂျပန်နိုင်ငံသည်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒကို ကာလကြာရှည် ကျပ်ကျပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့ရာ မှ သိသိသာသာဖြေလျှော့ပေးလိုက်သည်မှာကား ထူးခြားချက်တစ်ရပ် ဖြစ်ပေသည်။

 

တင်းကျပ်လှသည့် ဥပဒေစည်းမျဉ်းများဖြင့် စည်းနှောင်ထားခဲ့သော နိုင်ငံခြားသား အလုပ်သမား ဈေးကွက်၏အရွေ့ကို ရှုလတ်သော် ဂျပန်နိုင်ငံ၌ လူအိုလူမင်းဦးရေ တရိပ်ရိပ် တိုးလာခြင်းနှင့် ဂျပန်မောင်နှံတို့၏ ကလေး မွေးဖွားနှုန်း ကျဆင်းလာခြင်းတည်းဟူသော အကြောင်းတရားများ၏ တလူးလူးတလဲလဲ ဖိစီးမှုကို ကျွန်ုပ်တွေ့မြင်ရသည်။

 

ဂျပန်နိုင်ငံတွင် သက်ကြီးဦးရေကတိုး၊ မွေးဖွားနှုန်းက ကျချိန်တွင်လုပ်သားအင်အား ချို့ငဲ့သည့် ပြဿနာကြီးကို မရှောင်ကွင်းနိုင်တော့သည့်အဆုံး လူဝင်မှုကြီးကြပ်ရေးဥပဒေစည်းမျဉ်းများကို ဖြေလျှော့ကာ ပြည်ပမှ အလုပ်သမားများကိုတိုး၍ လက်ခံရေး “သီအိုရမ်” (ဝါ) Theorem (ဝါ) အဆိုကို လက်ခံလိုက်ရလေတော့သည်။

 

“ပြည်ပအလုပ်သမားများကိုတိုး၍ လက်ခံသွားမည့် ဗီဇာစနစ်သစ်အတိုင်း ဧပြီလမှ အစပြု၍ အကောင်အထည် ဖော်သွားပါမည်” ဟူ၍ ယင်းဗီဇာစနစ်သစ်ကို ကြီးကြပ်ကွပ်ကဲမည့် တရားရေးဝန်ကြီး တာကဲရှိယာ မာရှိတက မတ်လ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

 

ဗီဇာစနစ်သစ်အရ လာမည့် ငါးနှစ်တာကာလပတ်လုံး ဂျပန်အလုပ်သမားဈေးကွက်က နိုင်ငံခြားသား အလုပ်သမားများအား တိုး၍လက်ခံမည်ဖြစ်ပြီး နိုင်ငံခြားသားအလုပ်သမားဦးရေ ၃၄၅၀ဝ၀ ခန့်အထိ ရှိလာမည်ဆို၏။

 

ဂျပန်နိုင်ငံ၏ “အလုပ်အကိုင်ဗီဇာ” စနစ်သစ်အရ ယင်းနိုင်ငံ၏ မြို့ကြီးများမှာထက် လုပ်သား အင်အား ရှားပါးနေသော ဆင်ခြေဖုံးအရပ်ဒေသများသို့ နိုင်ငံခြားသားလုပ်သားများ ပျံ့နှံ့ဝင်ရောက်လာဖွယ်ရှိနေသည်။

 

ဂျပန်ပါလီမန်တွင် လူဝင်မှုကြီးကြပ်ရေးမူဝါဒ ဖြေလျှော့ရေးအစီအစဉ်နှင့် ပတ်သက်၍ အမတ်မင်းများက အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ကြ ပြီးသော် ဗီဇာစနစ်သစ်ကိုအတည်ပြုပေးခဲ့သည်။ဤတွင်ရွေ့ကား ဂျပန် အစိုးရအနေဖြင့် ဘာသာစကားအရ လည်းကောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံအရလည်းကောင်း မတူကွဲပြားသော နိုင်ငံများမှ အလုပ်သမားများအလုံးအရင်းဖြင့် ဝင်ရောက်လာမှုကို ပီပီပြင်ပြင်ကိုင်တွယ်ဆောင်ရွက်သွားရန် လိုအပ်ပေလိမ့်မည်။

 

အစွမ်းကုန် ပြင်ဆင်

 

ပြည်ပလုပ်သားများလက်ခံရေးနှင့် သူတို့ အလုပ်လုပ်ကိုင်နိုင်ရေးတွင်ချောချောမွေ့မွေ့ဖြစ်အောင် အစိုးရအဖွဲ့ က အစွမ်းကုန် ပြင်ဆင်ထားပြီဟုဆိုသည်။ ပြည်ပမှ တစ်သွန်တည်း ဝင်ရောက်လာမည့် နိုင်ငံခြားသား လုပ်သားများ၏ အလုပ်အကိုင်ဆိုင်ရာရေးရာများ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ အလုပ်သမား မိသားစုဝင် ကလေးသူငယ်များအား စောင့်ရှောက်ပေးရန်လိုအပ်သည့် အကြောင်းခြင်းရာများအတွက် ဂျပန်နိုင်ငံတွင် “အတိုင်ပင်ခံဌာန” ၁၀ဝ ခန့် ဖွင့်ပေးရန် စီစဉ်ထားသည်ဟု ကျွန်ုပ်လေ့လာတွေ့ရှိရ၏။ ယင်းဌာနများ၌ စကားပြန်များနှင့် ဘာသာပြန် “အက်ပလီကေးရှင်းများ”(ဝါ) ကွန်ပျူတာ ဆော့ဖ်ဝဲ အခြေပြုစကားပြန်စက်များ ထားရှိပေးမည်ဆို၏။

 

ဆေးဘက်ဆိုင်ရာဌာနများ၊ ရဲဌာနများ၊ အရေးပေါ်လုပ်ငန်းဌာနများ ကလည်း နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်ထားပြီဖြစ်သည်။ဘာသာစကားအရ မတူကွဲပြားသောလူမျိုးတို့အကြား ကူးလူး ယှက်နွှယ်ရာတွင် ဆက်ဆံရေးချောမွေ့စေအောင် နိုင်ငံခြားသားများအနေဖြင့် ဂျပန်စကား လေ့လာသင်ယူမှု ပြုလုပ်နိုင်မည်။ဂျပန်ဘာသာစကားသင်ကျောင်းများကို အစိုးရက ကြီးကြပ်ကွပ်ကဲသွားမည်။ 

 

ဘာသာစကားသင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမည်။ နိုင်ငံခြားသားအလုပ်သမားများ၏ကလေးများ ပညာဆည်းပူးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ကျွန်ုပ်မှတ်သားရလေသည်။ထို့အပြင် နိုင်ငံခြားသားလုပ်သားများအတွက် လူမှုဖူလုံရေးအစီအစဉ်များကို ကုမ္ပဏီများကအပြည့်အဝ အကောင် အထည်ဖော်ခြင်းရှိ၊ မရှိ အစိုးရ အဖွဲ့က အလုပ်ရှင်များကို လေ့လာစောင့်ကြည့်သွားမည်ဟု သိရှိရ၏။

 

ပြစ်ချက် မရှိရ

 

ဥပဒေစည်းမျဉ်းသစ်အရ နိုင်ငံခြားသားလုပ်သားငှားရမ်းမည့် ကုမ္ပဏီများ သည် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်အလုပ်သမားဆိုင်ရာဥပဒေတို့ကို ချိုးဖောက်ခဲ့ဖူးသည့် ပြစ်ချက်မရှိရပါ။

 

ဗီဇာစည်းမျဉ်းတစ်ရပ်မှာ အလုပ်သမားကိုယ်တိုင် အလုပ်လုပ်နိုင်စွမ်း ရှိသည့် ကျန်းမာရေးကောင်းမွန်မှုနှင့် ပြည့်စုံသူအဖြစ် အထောက်အထားပြသရန်ဖြစ်သည်။ဂျပန်နိုင်ငံ၏ လုပ်သားအင်အားအကြီးအကျယ် လိုအပ်နေ သော လုပ်ငန်း ကဏ္ဍ (၁၄)ရပ်တွင် နိုင်ငံခြားသားများဖြင့် ဖြည့်တင်းရန် ပါလီမန်(ဝါ) လွှတ်တော်က ဒီဇင်ဘာလတွင် အတည်ပြုပေးခဲ့ပြီးနောက် အစိုးရအဖွဲ့က “ဗီဇာစနစ်သစ်” ကို ထုတ်ပြန်ကြေညာ ခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းကဏ္ဍ (၁၄)ရပ်မှာ - သူနာပြု၊ အဆောက်အအုံသန့်ရှင်းရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်လုပ်ရေးလုပ်ငန်း (ပင်လယ်စာ ထုတ်လုပ်ရေးလုပ်ငန်းအပါအဝင်)၊ စားသောက်ဆိုင် (စားသောက်ကုန်နှင့် အဖျော်ယမကာဝန်ဆောင်မှု)၊ ရုပ်ဝတ္ထုဆိုင်ရာစက်မှုလုပ်ငန်း၊ စက်မှုနှင့်စက်ကိရိယာလုပ်ငန်း၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သင်္ဘောတည်ဆောက်ရေးနှင့် အ္ဏဝါစက်မှုလုပ်ငန်း၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး၊ မြို့ပြလေကြောင်း(လေဆိပ်မြေပြင်လုပ်ငန်း၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း)၊ တည်းခိုရေးနှင့်ခရီးသွားဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ကြလေသည်။

 

အဆင့်နှစ်မျိုး

 

ဗီဇာစနစ်သစ်အရ အသက် ၁၈ နှစ်နှင့် အထက်ရှိ နိုင်ငံခြားသားများသည် “နေထိုင်မှုအဆင့်” (ဝါ) Residence Status နှစ်ခုအတွက် လျှောက်ထား နိုင်ကြောင်း၊ ဗီဇာအမျိုးအစားတစ်မျိုးမှာ ကျွမ်းကျင်မှုအတတ်ပညာနှင့် လုပ်ငန်းအတွေ့အကြုံ အတိုင်းအတာတစ်ရပ်အထိရှိသူများကို ထုတ်ပေးရန်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံတွင် ငါးနှစ်အထိဆက်လက်နေထိုင်ခွင့်ရရှိရေးအတွက် ဗီဇာသက်တမ်းတိုးခွင့်ရှိကြောင်း၊ သို့ရာ တွင် မိသားစုကိုမူခေါ်လာခွင့်မရှိကြောင်း ကျွန်ုပ်သိရှိရသည်။

 

ဒုတိယဗီဇာအမျိုးအစားမှာမူ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ အထူး များပြားသူများအတွက်ဖြစ်ပြီး ခြောက်လ၊ တစ်နှစ်၊ သုံးနှစ် စသည်ဖြင့် ဗီဇာ သက်တမ်းတိုးမှုကို အကန့်အသတ်မရှိ ပြုလုပ်ခွင့်ရှိသည့်အပြင် မိသားစုဝင် များကိုလည်း ခေါ်ဆောင်ခွင့်ရှိသည် ဆို၏။

 

ဗီဇာစနစ်သစ်အရ အလုပ်လုပ်ကိုင်ခွင့်ရှိသူ နိုင်ငံခြားသားများသည်ဂျပန်နိုင်ငံသားများခံစားရရှိသည့် အခွင့်အရေးအတိုင်း၊ သို့မဟုတ် ထို့ထက်ပင်ပို၍ ခံစားရရှိစေရမည်ဟု ဥပဒေစည်းမျဉ်းသတ်မှတ်ထား လေသည်။ နိုင်ငံခြားသားလုပ်သားများအား ကုမ္ပဏီများက ဈေးပေါပေါဖြင့်ငှားရမ်းကာ လုပ်အား ခေါင်းပုံဖြတ်မှုများ မဖြစ်ပေါ်ရလေအောင် အစိုးရအဖွဲ့က ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ၁၉၉၃ ခုနှစ် “စက်မှုနည်းပညာ အလုပ်သင်အစီအစဉ်” ကို အကြောင်းပြု၍ ကုမ္ပဏီများက လုပ်သား ခေါင်းပုံဖြတ်မှုရှိခဲ့သည်ဟု ဝေဖန်မှုများ ပေါ်ထွက်ခဲ့ကြောင်း ကျွန်ုပ်လေ့လာသိရှိရ၏။

 

အာရှကိုးနိုင်ငံ

 

ဗီဇာစနစ်သစ်တွင် အကျုံးဝင်သော နိုင်ငံများမှာ အာရှကိုးနိုင်ငံ(ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ နီပေါနှင့် မွန်ဂိုလီးယား) ရှိပြီး ဂျပန်နိုင်ငံနှင့် သက်ဆိုင်ရာအစိုးရတို့အကြား သဘောတူညီချက်များရယူကာ ဆောင်ရွက်သွားလိမ့်မည်။

 

ဥပဒေစည်းမျဉ်းသစ်အရ “ပွဲစားများ” လုပ်စားနိုင်ခြင်း မရှိစေရန် ဂျပန်ကုမ္ပဏီများက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပေလိမ့်မည်။ အလားတူပင်သက်ဆိုင်ရာအစိုးရအဖွဲ့များကလည်း မိမိ၏ နိုင်ငံသားများ ပြည်ပတွင် တည်တည်တံ့တံ့၊ ဥပဒေနှင့်အညီအလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် စီမံဆောင်ရွက်ပေးသင့်သည်ဟု ကျွန်ုပ်တွေးဆမိ၏။ နွားပွဲစား၊ အမှုပွဲစား၊ အိမ်ခြံမြေပွဲစားမှသည် အလုပ်အကိုင်ပွဲစားများအထိ တရားမဝင် လုပ်ကိုင်မှုများရှိနေချိန်တွင် တရားမဝင် ပွဲစားများ၏ “ရိုက်စား” လုပ်ရပ်များကြောင့်အလုပ်သမားများ၏ မိသားစုဘဝများ ပျက်စီးနိုင်ပေသည်။

 

အာရှတိုက်တစ်လွှား “နေ”အမျိုးအနွယ်ဟူ၍ ထင်ပေါ်ကျော်စောသော ဂျပန်နိုင်ငံ (ဝါ) “နိပွန်”နိုင်ငံ၏ ဗီဇာစနစ်သစ်အရ ဧပြီလမှအစပြု၍ လာမည့်ငါးနှစ်တာကာလတွင် ယင်းနိုင်ငံသို့ နိုင်ငံခြားသားလုပ်သားများ ဝင်လာမစဲတသဲသဲရှိလိမ့်မည်ဟု တွေးတောမိရင်း “ဗီဇာစနစ်သစ် “နိပွန်” ဖွင့်လှစ်” ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။

 

Ref: More than 345,000 foreign workers predicted to come to Japan
(Japan times)