ရန်ကုန် ၃၀  စက်တင်ဘာ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အောက်တိုဘာ (၁) ရက်မှ စတင်၍ ဗီဇာဖြေ လျော့မှုတို့ဖြင့် ဝင်ရောက်လာ မည့် ဂျပန် ၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများ လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်ရေးနှင့် ၎င်းကမ္ဘာလှည့်ခရီးသွားများကို ကြိုဆိုမည့်အခမ်းအနား ပြုလုပ်မည့်အစီအစဉ်၊ နေရာတို့ကိုကြည့်ရှု စစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်) မှတာဝန်ရှိသူများ၊ Yangon Aerodrome  Co.,Ltd မှ တာဝန်ရှိသူများနှင့်အတူ ဧည့်သည်များ ဝင်ရောက်လာမည့်နေရာ၊ ကြိုဆိုမည့်နေရာ၊ လူဝင်မှု့ကြီးကြပ်ရေးကောင်တာ စသည်တို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အတူ ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့်  ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံ၏စီးပွားရေး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ( Responsible Investment ) ဖြစ်စေရန် စိစစ်ဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံရှိ ရေမြေတောတောင်များ၊ ကမ်းခြေများ၊ ကျွန်းများ၊ ပင်လယ်ရေအောက် သဘာဝအလှအပများသည် သဘာဝအတိုင်း တည်ရှိနေသေးသဖြင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်မှုတို့ကို ရှင်းလင်းပြောကြားပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital Marketing အဖွဲ့ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေနှင့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သောဂျပန်၊ တောင်ကိုရီးယားနိုင်ငံသားများ၊ ဟောင်ကောင် နှင့်မကာအို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့်နှင့် သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သော တရုတ်နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာ ( Visa On Arrival   ) ကို အောက်တိုဘာ ၁ ရက်မှစ၍ ခွင့်ပြုပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင် အသင်းများ၏ တာဝန်ရှိသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး မေးခွန်းများကို ဖြေကြားပေးကြသည်။

 

 (သတင်းစဉ်)