ရန်ကုန် ၁၈ ဇွန်

မြန်မာနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင် Mr. Vuong Dinh Hue ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရွှေတိဂုံ စေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြကာ သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ဗီယက်နမ်နိုင်ငံဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိ်ယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ္ဘာအေးစေတီလမ်းရှိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ ဖွင့်လှစ်ထားသည့် HAGL Office Tower သို့သွားရောက်ပြီး ရုံးခန်းများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် Melia Hotel ၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နေကြသည့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ သွားကြသည်။

(သတင်းစဉ်)