၂၀ မတ်
မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ သော်ဇင်ထက်၊ ညဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ အလယ်တန်း-ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ သြဘာခ တို့ပါဝင်ကြသည်။ မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး နှစ်ဦးမှာ ဒဏ်ရာရနေသောကြောင့် ကျန်ရှိသည့် ကစားသမား ၂၄ ဦးအနက် လေးဦး လျှော့ချခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး အဓိကပြိုင်ပွဲဖြစ်သည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ပြိုင်ပွဲဝင်ရန် မတ် ၂၁ ရက် (ယနေ့) ထွက်ခွာမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်အသင်းအပါအဝင် အာရှအင်အားကြီး တရုတ်၊ အာဆီယံအသင်းများဖြစ်သည့် ထိုင်းနှင့် မြန်မာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် မတ် ၂၃ ရက်တွင် ဗီယက်နမ်အသင်း၊ မတ် ၂၅ ရက်တွင် တရုတ်အသင်း၊ မတ် ၂၇ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့်ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃/၄ နေရာရအသင်းမှာ တတိယလုပွဲကစားရမည်ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်