ရန်ကုန်   မေ   ၁၀

ဗီယက်နမ်ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို မေ ၁၀ ရက် (ယနေ့) တွင် ဗီယက်နမ်နိုင်ငံ၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

အုပ်စု (ခ) ပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာအသင်းနှင့် လာအိုအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ပထမပွဲကစားရမည့် လာအိုအသင်းနှင့် ခြေစွမ်းပိုင်းအရ သာလွန်သော်လည်း ပြိုင်ပွဲအဖွင့်ပွဲမှာ ရုန်းကန်ရလေ့ရှိသဖြင့် မထင်မှတ်သည့် ရလဒ်မထွက်ပေါ်စေရန် အာရုံစိုက်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအနေအထားအရ ဆီမီးဖိုင်နယ် တက်ရောက်ရန် မခက်ခဲနိုင်သော်လည်း လာအို၊ စင်ကာပူတို့နှင့် ပွဲများတွင် အနိုင်သုံးမှတ်အပြင် ဂိုးများ များ သွင်းယူထားနိုင်ရန်ပါ ကြိုးစားရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းအနေဖြင့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် ကစားခဲ့သည့်ခြေစွမ်းအတိုင်း ကစားနိုင်ပါက ယခုပြိုင်ပွဲတွင် ထိုက်သင့်သည့် အဆင့် တစ်ခု ရယူနိုင်မည်ဖြစ်သည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းခုနစ်သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် ထိုင်း၊ မြန်မာ၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင် နေသည်။ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို မေ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ရဲရင့်လွင်

ဓာတ်ပုံ-MFF