ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ ကိုဗစ်-၁၉ ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်း

ရန်ကုန်  ဇူလိုင်  ၈

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် လာမည့်နှစ်သို့ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။ ဆီးဂိမ်းအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဗီယက်နမ်အိုလံပစ်ကော်မတီမှ တာဝန်ရှိသူများ ယနေ့တွင် အစည်းအဝေးပြုလုပ်ပြီးနောက် ပြိုင်ပွဲအား ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆုံးဖြတ်နိုင်ခဲ့ ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသဖြင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲအား ရွှေ့ဆိုင်းရန် နှစ်လယ်ပိုင်းကတည်းက အဆိုပြုခဲ့ပြီး ဇွန် ၂၄ ရက်က ပြုလုပ်သည့် ဆီးဂိမ်းအစည်းအဝေးတွင်လည်း အပြီးသတ်ဆုံးဖြတ်ချက် မချမှတ်နိုင်သဖြင့် ယနေ့ပြုလုပ်သည့် အစည်းအဝေးမှသာ ဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်း သို့မဟုတ် မေလဆန်းပိုင်းတွင် ပြန်လည်ကျင်းပရန် လျာထားပြီး ရောဂါအခြေအနေအပေါ်မူတည်၍ ကျင်းပမည့်ရက်အား ပြန်လည်အတည်ပြုမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လာမည့်ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၁၈ မျိုး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားနည်းအများစုမှာ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်လျက်ရှိသလို အားကစားနည်းအချို့မှာလည်း ပြည်ပနိုင်ငံများတွင် လေ့ကျင့်လျက်ရှိသည်။

ကိုညီလေး