ရန်ကုန်   နိုဝင်ဘာ   ၂

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် ဗီယက်နမ် နိုင်ငံတွင်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲနှင့် တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအဖွဲ့ချုပ်ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားဝင်း အတွင်း ရှိမြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ခြင်းလုံးနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ နည်းပြများနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လာမည့် ပြည်တွင်း ပြည်ပ ပိုက်ကျော်ခြင်း ပြိုင်ပွဲများနှင့်ပတ်သက်၍ ခြင်းလုံးနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က “ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အမျိုးသား၊ အမျိုးသမီး  အားကစားသမားတွေကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲနဲ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အာရှ ပိုက်ကျော်ခြင်းပြိုင်ပွဲတွေကို စေလွှတ်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပဏာမအစည်းအဝေး ပြုလုပ် ခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေ သွားရောက်မကစားခင် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်း  ဖိတ်ခေါ် ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ကစားဖို့ ရှိသလို ပြည်တွင်း ပြည်ပ ခြေစမ်းပွဲတွေကိုလည်း ကျင်းပသွားဖို့ ရှိပါတယ် ဟု ရှင်းပြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်အနေဖြင့် လတ်တလောတွင် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားသမားများကို လာမည့်ဗီယက်နမ် ဆီးဂိမ်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး နေပြည်တော်လေ့ကျင့်ရေးစခန်း၌ ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ကာ စခန်းသွင်း လေ့ကျင့် လျက်ရှိသည်။ နေပြည်တော် လေ့ကျင့်ရေးစခန်းတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ဝန်းကျင် လေ့ကျင့်ပေးလျက်ရှိပြီး အဖွဲ့ချုပ်အနေဖြင့် အားကစားသမားများ၏ အားနည်းချက်၊ အားသာချက် များကိုလည်း အစဉ်တစိုက် လေ့လာသုံးသပ်ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

“ဒီပြိုင်ပွဲတွေ မတိုင်ခင်မှာ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်း ပြည်ပ ဒိုင်သင်တန်း တွေကိုလည်း ဖွင့်လှစ်ပေးသွားဖို့ ရှိပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ဒိုင်တွေရှိမှသာ နိုင်ငံတကာပြိုင်ပွဲ တွေကို သွားရောက်ထမ်းဆောင်နိုင်မှာဖြစ်သလို အဲဒီအတွေ့အကြုံရှိ ဒိုင်တွေကတစ်ဆင့် အနာဂတ် မျိုးဆက်သစ်ဒိုင်တွေ၊ အားကစားသမားတွေကို မွေးထုတ်ပေးနိုင်မှာပါ။ အဖွဲ့ချုပ်အနေနဲ့ ဒီကနေ့ အစည်းအဝေးမှာ ဝင်ငွေ၊ ထွက်ငွေကိုလည်း စာရင်းစစ်ခေါ်ပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို တင်ပြဖို့လည်း ဆွေးနွေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားနဲ့ ပတ်သက်ပြီး ယခင်ကတည်းကလည်း ရလဒ်အစဉ် အလာကောင်းတွေ ရရှိခဲ့သလို လာမယ့်ပြိုင်ပွဲတွေမှာလည်း နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်တွေရရှိနိုင်အောင် စွမ်းဆောင်နိုင်ရန် အဖွဲ့ချုပ်အနေနဲ့ ယခုထက်ပိုတိုးတက် အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ထပ်မံပြောကြားသည်။

ရလဒ်ကောင်းများပိုမိုရရှိ လာမည့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်အနေဖြင့် အမျိုးသား၊ အမျိုးသမီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် နှစ်ယောက်တွဲပြိုင်ပွဲများနှင့် လေးယောက်တွဲ ပြိုင်ပွဲများတွင်သာ ရွှေ၊ ငွေ အစဉ် အလာကောင်းများရှိခဲ့၍ လာမည့်ဗီယက်နမ် ဆီးဂိမ်းတွင်လည်း အစဉ်အလာကောင်းများ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုတင်လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲကို ၁၉၉၁ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဆီးဂိမ်း ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ပိုမိုရရှိကာ ပြိုင်ဘက်နိုင်ငံ အသင်းများကပင် အထူးဂရုပြုခံရသော အသင်းတစ်သင်းဖြစ်လာကြောင်း သိရသည်။

မြင့်မိုရ်