ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုဖြစ်စေရန် အာဆီယံ ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်

mdn

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်မေလတွင် ပြန်လည်ကျင်းပမည့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုဖြစ်စေရန် အာဆီယံ ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို တတိယအကြိမ်ကျင်းပမည်ဖြစ်ပြီး  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအကြို ကျင်းပခြင်းဖြစ်သောကြောင့် အရှေ့တောင်အာရှအသင်းအားလုံး ယှဉ်ပြိုင်ဖွယ်ရှိနေပြီး ဆီးဂိမ်းပြိုင်ပွဲကို မေလတွင် ကျင်းပရန် စီစဉ်ထားသဖြင့် နှစ်လကျော်အလိုတွင် ပြုလုပ်ခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၀၅ ခုနှစ်က ပထမအကြိမ်ကျင်းပသည့်ပြိုင်ပွဲတွင် ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၂ အဖြစ် ပြောင်းလဲထားသောကြောင့် ၂၀၁၉ ခုနှစ်က ဒုတိယအကြိမ်ကျင်းပရာတွင် ယူ-၂၂ ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့သည်။  ၂၀၀၅ ခုနှစ်ကကျင်းပသည့် ပထမအကြိမ်တွင် ထိုင်းအသင်း ဗိုလ်စွဲခဲ့ပြီး ၂၀၁၉ ခုနှစ်က ကျင်းပသည့် ဒုတိယအကြိမ်တွင် အင်ဒိုနီးရှားအသင်းက ဗိုလ်စွဲထားသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို နှစ်ကြိမ်ဆက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်ပြီး ၂၀၁၉ ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ပထမအကြိမ်၌ တတိယဆုရခဲ့ပြီး ဒုတိယအကြိမ်တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်သည် နှစ်စဉ်ကျင်းပနေသည့်ပြိုင်ပွဲများကို ၂၀၂၀ ခုနှစ်တွင် အားလုံးဖျက်သိမ်းခဲ့ရပြီး ယခုနှစ်တွင် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲသာ ကျင်းပရသေးကာ ဆူဇူကီးဖလားပြိုင်ပွဲကို နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။ လာမည့်နှစ်တွင် ပြိုင်ပွဲများအားလုံး ပုံမှန်အတိုင်းကျင်းပနိုင်ရန် စီစဉ်နေပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲမှာ ပထမဆုံးပြုလုပ်မည့် ပြိုင်ပွဲလည်းဖြစ်သည်။

သတင်း-ရဲရင့်လွင်