ရန်ကုန် ၁၈ ဒီဇင်ဘာ
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ရှေးဦးစွာ ဧည့်သည်တော် ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီအား ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော် သြဝါဒါစရိယ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ရွှေသုဝဏ်ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တသဒ္ဓိယ အမှူးပြုသော ဆရာတော်များကို ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ဆရာတော်များက ဗီယက်နမ်ဝန်ကြီးချုပ်အား မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေးအရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ တည်ထားကိုးကွယ်မည့် ရွှေတိဂုံစေတီတော် ပုံစံတူဓာတ်တော်စေတီအား လှူဒါန်းပြီး ဧည့်သည်တော်ဝန်ကြီးချုပ်က ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဗီယက်နမ်ဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး ရွှေတိဂုံစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းကာ လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုသည်။
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံဘုရားလမ်းရှိ Telecom International Myanmar Co., Ltd (Mytel) ရုံးချုပ်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဗီယက်နမ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား Mytel လုပ်ငန်းဆောင်ရွက်ချက်များကို ဗီဒီယိုဖြင့် ရှင်းလင်းပြသပြီး Mytel ဥက္ကဋ္ဌ ဦးခင်မောင်စိုးက နှုတ်ခွန်းဆက် စကားပြောကြားကာ Mytel အမှုဆောင်အရာရှိချုပ်က ဆက်သွယ်ရေး နည်းပညာရပ်များဆိုင်ရာကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။ ယင်းနောက် Viettel Group နှင့် HD Bank တို့သည် MoU လက်မှတ်ရေး ထိုးကြပြီး ဗီယက်နမ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ Mytel ရုံးချုပ်ရှေ့၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထိုမှတစ်ဆင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာသို့ရောက်ရှိပြီး THACO ရုံးခန်း၊ BIDV ရုံးခန်းတို့သို့ သွားရောက်ကြည့်ရှုလေ့လာကာ HD Bank ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သည့် အဖွဲ့သည် မြန်မာပလာဇာ(၁၄)လွှာရှိ Yangon Myanmar Centre Complex သို့ရောက်ရှိရာ THACOGroup ဥက္ကဋ္ဌ Mr. Tran Ba Duong က စီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Yangon Myanmar Centre Complex နှင့် THACO ရုံးခန်းတို့ကို လှည့်လည်ကြည့်ရှုလေ့လာသည်။
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာပလာဇာ (၉)လွှာရှိ BIDV ရန်ကုန်ဘဏ်ခွဲသို့ ရောက်ရှိပြီးရုံးခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ BIDV ရုံးချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Dang Hai Nha က ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Melia ဟိုတယ်သို့ ရောက်ရှိပြီး မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် အလုပ်အမှုဆောင်များပါဝင်သော အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအသင်းနှစ်သင်းပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ဆွေးနွေးကာ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Melia ဟိုတယ် Inya Ballroom ခန်းမ၌ ကျင်းပသည့် HD ဘဏ် မြန်မာရုံးခွဲ ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ဗီယက်နမ်-မြန်မာနှစ်နိုင်ငံမှ တာဝန်ရှိသူများက အဖွင့်အမှာစကားများ ပြောကြားကြပြီး ဗီယက်နမ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် HD Bank မှ တာဝန်ရှိသူများက HD Bank မြန်မာရုံးခွဲကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
HD Bank သည် ဗီယက်နမ်နိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ယခု မြန်မာနိုင်ငံ၌ ပထမဆုံးရုံးခွဲအဖြစ် လာရောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် Melia ဟိုတယ် Function 6 ၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကာ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်