၂၈  ဧပြီ

ဟနွိုင်း ဧပြီ ၂၇ ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ အပြည့်အဝပြန်လည်ကျန်းမာလာ ပြီးနောက် လူသုံးဦးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရှိသည်ကို ထပ်မံစမ်းသပ် တွေ့ရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက တနင်္လာနေ့က ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ထပ်မံစမ်းသပ်တွေ့ရှိရသည့် လူနာသုံးဦးမှာ ဗီယက်နမ် နိုင်ငံသားတစ်ဦးနှင့် ဘရာဇီးနိုင်ငံသား နှစ်ဦးတို့ဖြစ်ကြောင်း၊ ပြန်လည်ကျန်းမာလာပြီးနောက် ရက်အနည်းငယ်အကြာတွင် ၎င်းတို့၌ ဗိုင်းရပ်စ်ပိုး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းအေဂျင်စီက ဖော်ပြသည်။

နိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရာမှ ပြန်လည်ကျန်းမာလာပြီးနောက် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ထပ်မံစမ်းသပ်တွေ့ရှိသည့် လူနာ စုစုပေါင်းသည် တနင်္လာနေ့ မွန်းတည့်ချိန်အထိ ရှစ်ဦးရှိသွားပြီ ဖြစ်သည်။

ဗီယက်နမ်နိုင်ငံက နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၇၀ နှင့် ကုသပျောက်ကင်းသည့်လူနာ ၂၂၂ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ ဗီယက်နမ်နိုင်ငံ၌ ယခုအချိန်အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူမရှိကြောင်း သိရသည်။ ။

- ကိုးကား-ဆင်ဟွာ ၊  ဘာသာပြန်-အောင်ဇော်လင်း