မတ် ၃

ဗီယက်နမ်နိုင်ငံတွင်  ၂၀၃၀ ခုနှစ်အထိ ဒါနန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်စေရန် မဟာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး ၂၀၅၀ ခုနှစ်အထိ မျှော်မှန်းချက်ရှိကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

ဒါနန်မြို့၏ Hoa Cuong နှင့် An Khe ရပ်ကွက်များတွင် တည်ရှိသော လေဆိပ်သည် ဗီယက်နမ်အလယ်ပိုင်းရှိ အဓိကလေကြောင်းဗဟိုချက်အဖြစ် ၎င်း၏အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးလုံးအတွက် ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၃၀ ခုနှစ်ရောက်လျှင် ခရီးသည်ဦးရေသန်း၂၀ ခန့်နှင့် ကုန်တန်ချိန် ၁၀၀၀၀၀ ခန့်အထိ သတ်မှတ်ထားပြီး ခရီးသည်ပမာဏသည် ၂၀၅၀ ခုနှစ်အထိ တည်ငြိမ်နေမည်ဟု ခန့်မှန်းထားပြီး ကုန်တန်ချိန်သည် တစ်နှစ်လျှင် ၃၃၀၀၀၀ တန်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

ယင်းအစီအစဉ်တွင် လေယာဉ်ပြေးလမ်းနှစ်ခုကို ထိန်းသိမ်းထားပြီး လေယာဉ်ရပ်နားရန်နေရာ ၅၂ ခုအတွက် နေရာလွတ်ကို တိုးချဲ့ထားကာ လုပ်ငန်းလည်ပတ်မှုတိုးတက်စေရန်အတွက် တက္ကစီလမ်းအသစ်များ ထပ်မံထည့်သွင်းထားကြောင်း ဖော်ပြထားသည်။

ထိုလေဆိပ်သည် လက်ရှိတွင် တိုက်ရိုက်လေကြောင်းလိုင်း ၂၄ ခု ပြေးဆွဲလျက်ရှိပြီး ၎င်းတို့အနက် ၁၆ ခုသည် နိုင်ငံတကာလေကြောင်းလိုင်းများဖြစ်ပြီး တစ်နေ့လျှင် လေယာဉ်ခရီးစဉ် ၁၁၂ ခုခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို