ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ အစာအဆိပ်သင့်မှုကြောင့်ဟုယူဆရသည့် လူ ၂၀၀ နီးပါးဆေးရုံတက်ကုသမှုခံယူ

မတ် ၁၅

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Khanh Hoa ပြည်နယ် Nha Trang မြို့ရှိ စားသောက်ဆိုင်တွင် စားသောက်ပြီးမကြာမီ အစာအဆိပ်သင့်မှုကြောင့်ဟုယူဆရသည့် လူ ၁၉၅ ဦးထက်မနည်းကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ခဲ့သည်ဟု ဒေသတွင်းမီဒီယာက ယနေ့တွင်ဖော်ပြထားသည်။ ၎င်းတို့အနက် အချို့သောသူများသည် ဒေသတွင်းဆေးရုံနှင့်  ကျန်းမာရေးစင်တာ ၁၂ ခုတို့တွင် ကုသမှုခံယူလျက်ရှိပြီး ကျန်လူအချို့သည် နေအိမ်တွင် ကုသမှုခံယူလျက်ရှိသည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။ မတ်လ ၁၃ ရက်ညပိုင်းက ခရီးသွားများနှင့် ဒေသခံများအပါအဝင် ပထမလူပေါင်း ၆၀ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည်။  မတ်လ ၁၄ ရက် မွန်းလွဲပိုင်းက အစာအဆိပ်သင့်မှုဖြစ်ပွားသူများကို ထပ်မံတွေ့ရှိခဲ့ကြောင်း Nha Trang ကျန်းမာရေးဌာနကပြောကြားသည်။ ထိုစားသောက်ဆိုင်ပိုင်ရှင်များအနေဖြင့် အရောင်းစာချုပ်များနှင့် အခြားအစားအသောက်စာရင်းများကို ပြသရန်ပျက်ကွက်ခဲ့သည်ဟုသိရသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ အစားအစာဘေးကင်းရေးဌာနက ထိုစားသောက်ဆိုင်ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် ယနေ့တွင် ယာယီပိတ်ခိုင်းထားသည်ဟု  ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို