အောက်တိုဘာ ၃၀

ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေ ၁၀ ဦး ရှိပြီး ရှစ်ဦး ပျောက်ဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်နှင့် ရေကာတာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရေကြီးမှုကြောင့် အိမ်ခြေ ၁၂၈၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရပြီး အခြား ၅၁ လုံး ပြိုကျခြင်း သို့မဟုတ် ရေစီးကြောင်းနှင့် မျောပါသွားပြီး မြို့နယ်နှင့် ရပ်ကွက် ၉၀ ခန့်နှင့် အိမ်ခြေ ၁၂၀ ကျော် ပျက်စီးခဲ့သည်ဟု သိရသည်။

ဆန်စပါးနှင့် အခြားသီးနှံ ၄၃၀၀ ဟက်တာခန့် ရေနစ်မြုပ်ခဲ့ပြီး သစ်သီးပင် ၆၅၀ ဟက်တာကျော် ပျက်စီးကာ မွေးမြူရေးတိရစ္ဆာန်နှင့် ကြက်ငှက်ကောင်ရေ ၁၆၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

ပြင်းထန်သော မြေပြိုမှုများကြောင့် အဝေးပြေးလမ်းမကြီးများစွာနှင့် ဒေသတွင်းလမ်းများ ပိတ်ဆို့ခဲ့ပြီး ပြည်နယ်များစွာတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ဒေသန္တရအာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဘေးသင့် ဒေသခံများအား အရေးပေါ်ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို